မြန်မာမိန်းကလေးတစ်ဦးကို လက်ထပ်ဖို့စည်းရုံးပြီး တရုတ်နိုင်ငံခေါ်သွားရန် စီစဉ်သည့် တရုတ်နိုင်ငံသားများအားဖမ်းဆီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ဟွေအယ်(၂) ကျေးရွာမှာ အမျိုးသမီးငယ်တစ်ယောက်ကို လက်ထပ်ရန်စည်းရုံးပြီး တရုတ်နိုင်ငံ ခေါ်ဆောင်သွားဖို့ စီစဉ်နေတဲ့ တရုတ်နိုင်ငံသားနှစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကို မတ်(၂၄)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ပါတယ်။

သတင်းအရ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁) တာချီလိတ်က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်း အဖွဲ့ဟာ ဟွေအယ်(၂)ကျေးရွာကို သွားရောက်ပြီး နေအိမ်တစ်အိမ်မှာ ရောက်နေတဲ့ တရုတ်နိုင်ငံသားနှစ်ယောက်နဲ့ မြန်မာအမျိုးသမီးတစ်ယောက်ကို ခေါ်ယူစစ်ဆေးခဲ့ပါ တယ်။

အဲဒီလိုစစ်ဆေးရာမှာ လွန်ခဲ့တဲ့(၃)ရက်ခန့်က မခင်လှနဲ့ ခင်ပွန်းဖြစ်သူ တရုတ် နိုင်ငံသားအပါအ၀င် နောက်ထပ် တရုတ်နိုင်ငံသားတစ်ယောက်တို့ဟာ အမျိုးသမီးငယ် ဆီကိုသွားရောက်စည်းရုံးခဲ့တာလို့ သိရပါတယ်။ တရုတ်နိုင်ငံသားကို လက်ထပ်ပါက ချမ်းသာစွာနေထိုင်ရမယ်လို့ စည်းရုံးပြောဆိုပြီး မိဘတွေထံ ဘတ်ငွေ (၅၀၀၀) ပေးအပ် ကာ တရုတ်နိုင်ငံကို ခေါ်ဆောင်သွားဖို့ စီစဉ်နေချိန် အခုလိုဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မခင်လှ အပါအ၀င် တရုတ်နိုင်ငံသားနှစ်ယောက်ကို တာချီလိတ် မြို့မရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။

Crd သတင်းလှိုင်ဝဏ္ဏ(တာချီလိတ်)

error: Content is protected !!