ပြည်သူတွေက ၀က်သားကို ဈေးကြီးပေးဝယ်စားနေရ ပေမယ့် မွေးမြူရေးသမားတွေက ရှုံးနေတယ်… အထုပ်ကြီးပိုက်သွားသူက ဘယ်သူတွေလဲ

ဝက်သားဈေး တစ်ပိဿာတစ်သောင်းလောက်ရှိပေမယ့် ဝက်မွေးသူတွေဟာ ဝက်သားဒိုင်ကို တစ်ပိဿာ ၅ထောင် ဝန်းကျင်နဲ့သာ သွင်းရပါတယ် ။ဒါ့ကြောင့် ၆လကနေ ၈လခန့် မွေးမြူရတဲ့ ဝက်ဟာ ရောင်းရချိန်မှာ အမြတ်ငွေ ၅သောင်းမှ တစ်သိန်းလောက်သာရရှိခဲ့ပြီး အခုလို ဝက်အစာဈေးတက်လာတဲ့အခါမှာတော့ ဝက်မွေးသူတွေ ရှုံးတဲ့အထိဖြစ်ကုန်ပါတယ် ။ အဓိက တရားခံကတော့ လိုင်စင် C ဆိုတဲ့ ဆိုရှယ်လစ်ဈေးကွက်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကြောင့်ပါပဲ ။

ဒီစနစ်ကြောင့် ဝက်တကယ်မွေးတဲ့သူတွေရဲ့လက်ထဲမှာ ဈေးနှုန်းရှိမနေဘဲ လိုင်စင်သမားအထုပ်ကြီးကိုင်သူရဲ့လက်ဝါးကြီးအုပ်ချယ်လှယ်မှုကိုခံရပါတယ် ။ ဒါ့ကြောင့် ဝက်သားဈေး ၁သောင်းမှာ တစ်ဝက်ဈေးလောက်သာရတဲ့ ဝက်မွေးသူဟာ အမြတ်နည်းပါတယ် ။ အမြတ်နည်းတဲ့အတွက် လုပ်ငန်းမတိုးချဲ့နိုင်ဖြစ်ရပါတယ် ။ အခုလိုအစာဈေးတက်တာမျိုး ၊ ဝက်တွေနာမကျန်းဖြစ်တာမျိုးဆို အရင်းပြုတ် ဒုက္ခတွေရောက်တဲ့အထိပါပဲ ။

နောက်ထပ်နစ်နာသူတွေကတော့ စားသုံးသူပြည်သူတွေပါ ။ လွတ်လပ်တဲ့ဈေးကွက်မရှိဘဲ လက်ဝါးကြီးအုပ်ဈေးကွက်ကြောင့် ဒိုင်ကဈေးတင်ရောင်းတဲ့ဈေးနဲ့ဝယ်ရပါတယ် ။ ဒါ့ကြောင့်ပိုက်ဆံများများတက်နိုင်သူတွေသာ အသားစားရပြီး ပြည်သူအများစုမှာ အသားမစားနိုင်ဘဲ ၊ ပရိုတိန်းချို့တည့်တဲ့ရောဂါ ( protein energy malnutrition) တွေ အဖြစ်များကြပါတယ် ။

လိုင်စင် C ကနေဘယ်သူတွေ အကျိုးအမြတ်ရလဲ

၁။ လိုင်စင်ဆွဲနိုင်တဲ့ ပိုက်ဆံများများစိုက်နိုင်သူတွေနဲ့

၂။ စည်ပင်က လာဘ်စားတဲ့ အရာရှိတွေဖြစ်ပါတယ် ။

တွက်ချက်မှုအရ ဝက်မွေးမြူရေးသမားရသင့်တဲ့ နောက်တစ်ဝက်ကို ဒီလိုင်စင်ရသူတွေ၊ စည်ပင်လာဘ်စားသူတွေနဲ့ စည်ပင်ခွန်က ဝေခွဲစားသောက်ကြပါတယ် ။ ရလဒ်ကတော့ ပိုက်ဆံရှိသူတွေ ပိုချမ်းသာလာ ၊ ဗျူရိုကရေစီယန္တယားပိုပျက်စီးလာ ၊ မွေးမြူရေးသမားတွေ ဆင်းရဲတွင်းကမတက် ၊ ပြည်သူတွေ အသားပိုငတ်လာကြတာပါပဲ ။

လွတ်လပ်တဲ့ဈေးကွက်ပြန်ဖန်တီးဖို့ဆိုရင် ဝက်တစ်ကောင်ချင်းစီအတွက် ကျန်းမာရေးစစ်ဆေးခ နဲ့ အခွန်အနည်းငယ်သာပေးရမယ့် ( နှစ်သောင်းဝန်းကျင်ခန့်) ခေါင်းခွန်စနစ်ကျင့်သုံးဖို့လိုပါတယ် ။ ဒီစနစ်ကျင့်သုံးတာနဲ့ ဈေးကွက်ဟာ ပြည်သူနဲ့မွေးမြူသူလက်ထဲ ပြန်ရောက်သွားပြီး ၊ အထုပ်ကြီးပိုက်သူတွေနဲ့ အရာရှိဆိုးတွေရဲ့အခန်းကဏ္ဍကို အလိုလျောက်ရှင်းပြီးသားဖြစ်သွားပါလိမ့်မယ် ။ အစပိုင်းမှာ အခွန်ရနည်းနိုင်ပေမယ့် နောက်ပိုင်းမွေးမြူရေးလုပ်ငန်းကြီးထွားလာတဲ့အခါ လိုင်စင်စနစ်ထက်ပိုတဲ့အခွန်တွေရနိုင်ပါလိမ့်မယ် ။ အပြိုင်အဆိုင်ဈေးကွက်နဲ့ အသားလုပ်ငန်းတွင်ကျယ်မှုကြောင့် ဈေးကျလာပြီး ပြည်သူတွေအတွက်လည်း အသားဈေးပေါပေါရလာပါမယ်။

ဒီပြဿနာကို စစ်ကိုင်းတိုင်းလွှတ်တော်မှာတင်ပြဖို့ကြိုးစားနေပေမယ့် အရာမထင်သေးပါဘူး ။ ခေါင်းခွန်စနစ်ကို ပြောင်းလဲဖို့အတွက် နည်းဥပဒေရေးဆွဲတင်ပြဖို့လုပ်နေပေမယ့် ၁နှစ်ကျော်တဲ့အထိ ဘာသံမှမကြားရသေးတာဟာ မွေးမြူရေးလုပ်ငန်းကို လျစ်လျူရှုရာကျနေပါတယ် ။ ကိုယ်စားလှယ်များအနေနဲ့ မွေးမြူရေးသမားပြည်သူများ၏ အကျိုးစီးပွားအတွက် ပြည်သူများနဲ့များများထိတွေ့မေးမြန်းပြီး အကျိုးရှိမယ့်ဥပဒေပြောင်းလဲမှုများ မြန်မြန်နဲ့ထိထိရောက်ရောက်ပြုလုပ်ဖို့ တိုက်တွန်းလှုံ့ဆော်လိုက်ရပါတယ်။

A standard Pig Farm

class="clearfix ">
error: Content is protected !!