“ဘယ်သူ ပိုတော်လဲ” သိချင်တဲ့ တပည့်တွေကို အီးအလေးချိန်ပိုများတဲ့ သူက ပိုတော်တယ် ဆိုပြီး ပညာပြလိုက်တဲ့ ဆရာ

” ကျနော်မှားပါတယ် ဆရာ…”

ဖတ်ကြည့်ပါ ကျော်ခွမသွားစေချင်ပါ ။

တစ်ခါက…သင်္ချာဆရာတစ်ယောက်ဆီမှာ ကျောင်းသားလေးနှစ်ယောက် ကျူရှင်ယူပြီးစာသင်နေသတဲ့။

ခက်တာက…ကျောင်းကြီးမှာ စာမေးပွဲဖြေတိုင်း တစ်ယောက်က သင်္ချာအမှတ်ပြည့်ရပြီး နောက်တစ်ယောက်ကတော့ ၇၀ လောက်ပဲရတယ်။ဒီတော့အမှတ်နည်းတဲ့ကျောင်းသားက ကျူရှင်ဆရာကို မေးတယ်… …

‘ဆရာ… ကျနော်တို့ နှစ်ယောက် ဆရာ့ဆီမှာ ကျူရှင်ယူကြတယ်၊ သူအတန်းမှန်သလို ကျနော်လည်းမှန်တယ် သူအိမ်စာလုပ်သလို ကျနော်လည်းလုပ်တယ် သူကြိုးစားသလောက် ကျနော်လည်း ကြိုးစားတယ်၊ ဒါနဲ့များ စာမေးပွဲမှာ ဘာလို့ ကျနော်က အမှတ်နည်းရတာလဲ ဆရာ၊ ကျနော်မသိအောင်များ သူ့ကိုတစ်ယောက်ထဲ ခွဲပြီးအချိန်ပိုသင်ပေးနေတာလား’

ဆိုတော့… …ဆရာက တပည့်မိုက်ကို ပြုံုးပြီးကြည့်ရင်း ပြောတယ်… …

“သူ အမှတ်ပိုရအောင် ဆရာဘယ်တုံးကမှ ခွဲခြားပြီး မသင်ခဲ့ဘူး င့ါတပည့်”

“ဒါဆို သူကဘာလို့ ကျနော့်ထက် အမြဲတမ်း အမှတ်များနေတာလဲ ဆရာ”

“မင်းတို့ နှစ်ယောက်ဗိုက်ထဲက ချီးအလေးချိန် မတူလို့ကွ၊ ပိုလေးတဲ့အီးကို ပါနိုင်တဲ့ကောင်က ပိုပြီး စာတော်တယ်”

“ဗျာ…”

“ဟုတ်တယ်…. မယုံရင် မနက်ဖန်မနက် အိပ်ရာထလို့ အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူက အီးပိုများများပါနိုင်လဲ၊ ဘယ်သူ့အီးက ပိုလေးလဲ
ကြည့်ကြတာပေါ့၊ ဟုတ်ပြီလား”

“ဟုတ်ကဲ့…”

ဆိုပြီး ကျောင်းသားနှစ်ယောက်ပြန်သွားတယ်။ နောက်ရက် ကျူရှင်လာတက်တော့ ဆရာကမေးတယ်… …

“ပြောပါအုံး မင်းတို့ရဲ့ အီး အလေးချိန်တွေ”

စာညံ့တဲ့ကျောင်းသားက ဖြေတယ်… …

“ကျနော်ဟာကတော့ ဂရမ် ၁၅၀ လောက်ရှိတယ် ဆရာ”

စာတော်တဲ့ ကျောင်းသားက ဖြေတယ်… …

“၈၅ ဂရမ် ရှိပါတယ်ဆရာ”

အဲဒီမှာ…စာညံ့တဲ့ကျောင်းသားက ‘ဘယ့်နှယ့်ရှိစ’ ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်… …

“ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို၊ ခု ဘယ့်နှယ့်လဲ”

ဆရာက တပည့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ကြည့်ရင်း ဖြေတယ်… …

“ငါ့တပည့်… မင်းရဲ့ အီးအလေးချိန် ၁၅၀ ဂရမ်ကို သိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ”

“ပလပ်စတစ်အိတ်ထဲ ပါချတယ်၊ ပြီးတော့ ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာပဲလေ”

“အဲလိုလုပ်တော့ အဆင်ပြေရဲ့လား”

“နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေါ့၊ နံလည်း နံတာပေါ့ ဝေါ့ ပြောရင်း ရွံလာပြီ”

“ကဲ… ဟုတ်ပြီး နောက်တစ်ယောက်ကရော 85 ဂရမ်ရအောင် ဘယ်လိုချိန်ခဲ့လဲ”

“ကျနော်က အီးမပါခင် ကိုယ့်အလေးချိန်ကို ချိန်လိုက်တယ်ဆရာ၊ အီးပါပြီး ပြန်ချိန်လိုက်တယ်၊ အလေးချိန် ၂ ခု ခြားနားလိုက်တဲ့အခါ ထွက်သွားတဲ့ အီးအလေးချိန်ကို ရပါတယ်”

“အေး… ဆရာပြောချင်တာက အဲဒါပဲ၊ တကယ်တော့ အီး အလေးချိန်ကြောင့် စာညံ့စာတော် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီ ညစ်ပတ် နံစော်နေတဲ့ မစင်တွေကို လက်နဲ့ မကိုင်ပဲ၊ ဘာကရိကထမှ မများအောင် သူ့အလေးချိန်ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဥာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာ
ထင်ရှားစေချင်လို့ ဆရာက ခိုင်းလိုက်တာပါ၊ ဘယ်သူက ပိုတော်တယ်ဆိုတာ သိဖို့ ဗိုက်ထဲက အီးနဲ့ မဆိုင်ဘူး၊ အီးအလေးချိန်ကို အလွယ်တကူ သိအောင် လုပ်နိုင်တဲ့ ခေါင်းထဲကဦးနှောက်နဲ့ပဲ ဆိုင်တယ် င့ါတပည့်”

ဆိုတော့… …

အမှတ်နည်းတဲ့ တပည့် ခေါင်းငိုက်စိုက်ကျပြီး ဝန်ခံသွားတယ်… …

” ကျနော်မှားပါတယ် ဆရာ…”

Ashin Marnita

credit ; မေတ္တာများဖြင့် ကာယဝါစီ အရှင်မာနိတ

error: Content is protected !!