အာရှတစ်ခွင် ကျော်ကြားခဲ့သည့် မြန်မာ့ဂန္တဝင် တိုက်စစ်မှူးဘောလုံးသမားကြီး ဆပ်ဗဟာဒူး၏ ဘဝဇာတ်ကြောင်း

ယနေ့မေလ ၁၅ ရက်နေ့ဟာ မြန်မာ့ဘောလုံးဂန္တဝင်သူရဲကောင်းတစ်ဦးဖြစ်တဲ့ ဗဟာဒူးရဲ့ ၈၄ နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်

မွေးသက္ကရာဇ် – ၁၅.၅.၁၉၃၅

အာရှတစ်ခွင် ကျော်ကြားခဲ့သည့် မြန်မာ့ဂန္တဝင် တိုက်စစ်မှူး ဆပ်ဗဟာဒူး၏ ဘဝ ပထမပိုင်း

(ပြန်လည်ကူးယူဖော်ပြမည်ဆိုပါက Creditပေးပါရန်)

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ (၁၉၅၂ ကနေ ၁၉၇၀) ထိဘောလုံးကန်ခဲ့ပြီး မြန်မာ့လက်ရွှေးစင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဆပ်ဗဟာဒူး (Suk Bahadur) ဆိုတဲ့ ဂေါ်ရဂါးလူမျိုး ဘောလုံးသူရဲကောင်း တစ်ယောက်ရှိခဲ့ဖူးပါသည်။ သူဟာ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး တချိန်က ဗမာ့လက်ရွှေးစင် အသင်းကို ထွန်းတောက်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ မြန်မာ့သူရဲကောင်း ဘောလုံးကစားသမားတစ်ဦးပါ။ အထူးသဖြင့် ရှေ့တန်းတိုက်စစ်မှုး နေရာ နှင့် တောင်ပံကစားသမားနေရာကို ကစားခဲ့တဲ့သူလည်းဖြစ်ပါသည်။

ဆပ်ဗဟာဒူး၏ ငယ်ဘဝသူ့ကို ‘အမ်အက်စ်သာပါး’ (ဗြိတိသျှခေတ်စစ်သားဟောင်းကြီး)နှင့် မိခင် ‘အက်စ်ဒါရား’တို့က ၁၉၃၅ ခုနှစ် မေလတွင် ပျော်ဘွယ်မြို့၌ မွေးဖွားခဲ့သည်။ ပျော်ဘွယ်ဇာတိဖြစ်ပါသည်။

မွေးချင်း ၈ ဦး(ကျား ၆၊ မ ၂) ရှိရာ သူ့အထက်အစ်မကြီး ၂ ဦးပါဝင်ပြီး သူက နံပါတ်(၅)ဖြစ်လေသည်။ သူဘောလုံးကစားစဉ်က အရပ် ၅ ပေ ၆လက်မနှင့် ကိုယ်အလေးချိန် ၁၄၁ ပေါင် ရှိလေသည်။ ငယ်နာမည်မှာ’ဆွတ်ကလေး’ဖြစ်သည်။ သူ ၅ နှစ် ၆ နှစ်သား အရွယ်ဂျပန်ခေတ် ၁၉၄၂ မတိုင်မီတွင် ဖခင်သည် ပျော်ဘွယ်မြို့၌ ကွယ်လွန်သွားခဲ့၏။ ညီအစ်ကိုမောင်နှမများနှင့် သူ့မိသားစုအတွက် ကံဆိုးမိုးမှောင်ကျသွားခဲ့ပြီဖြစ်သည်။

သူ’ဆွတ်ကလေး’သည် ပျော်ဘွယ်မြို့၌ပင် ကျောင်းစတင်နေခဲ့၏။ ကျောင်းနှင့်အိမ်ကား တစ်မိုင်ခန့်လောက်ဝေးသည်။ ‘ဆွတ်ကလေး’သည် အိမ်အတွက်ရေထမ်းပေးရသည်။ ဓားမတစ်ချောင်းနှင့် ထင်းထွက်ခုတ်ရ၏။ ဆိတ်စာအတွက်တံစဉ်ကိုကိုင်ကာ အမြဲမြက်ရိတ်ရ၏။ အရွယ်ငယ်ငယ်လေးနှင့် မလိုက်အောင်
ခပ်ကြမ်းကြမ်းအလုပ်တို့ကို တပင်တပန်းလုပ်ပေးခဲ့လေသည်။

သူကလေးကလည်း မညည်းမညူလုပ်ကိုင်ပေးသည်။သူ့မိသားစုအတွက် သူလုပ်ကိုင်ပေးရမည်ဟူသော အသိစိတ် သူ့မှာရှိသည်။ ထို့ကြောင့်အားလုံးအတွက်
ကလေးငယ်၊ ကလေးအသိနှင့်ပင် မတန်အောင် အိမ်အလုပ်ဟူသရွေ့ တော်တော်များများတို့ကို ‘ဆွတ်ကလေး’ကပဲ ဒိုင်ခံတာဝန်ယူရှင်းတော့၏။

ကျောင်းချိန်ကပ်နေမှ လွယ်အိတ်ကိုဆွဲကာ အပြေးသွားရသည်။ သို့သော်ကျောင်းလွှတ်ပြီးသော်လည်း၎င်းသည်အိမ်ကိုပြန်ရောက်မလာတတ်။ များသောအားဖြင့် မိုးစုန်းစုန်းချုပ်မှသာ ပေါ်လာလေ့ရှိ၏။

ဖခင်ကိုယ်တိုင်က ဗြိတိသျှခေတ်စစ်သား၊ သူ့တပ်၊ သူ့အရပ်၊ သူ့ကွင်း၌ ဘောလုံးကန်တော်သော ဘောလုံးသမားတစ်ဦးလည်းဖြစ်၏။ ဖခင်ကြီး မကွယ်လွန်မီ
အချိန်ကပင်’ဆွတ်ကလေး’တို့ညီအစ်ကိုတစ်တွေကစားနိုင်ရန်အတွက် တင်းနစ်ဘောလုံးအရွယ် ရော်ဘာဘောလုံးလေးတစ်လုံးကို ဝယ်ပေးထားခဲ့လေသည်။

ထိုဘောလုံးကလေးကားဆွတ်ကလေးတွင်ရှိသေးသည်။ သူလေးက ကျောင်းသို့ယူသွားကာ ကျောင်းဆင်းပြီးချိန် မြက်ခင်းပြင်၌ သူငယ်ချင်းများနှင့် ဘောလုံးကစား၏။ အချိန်အကန့်အသတ်မထား။ အတော်မောလောက်ပြီဆိုမှ ပွဲကိုရပ်သည်။

နောက်ပြီးဆက်တိုက်ဆိုသလိုပင် တစ်ယောက်နှင့်တစ်ယောက် စိတ်မဆိုးတမ်း၊ အပျော်တမ်းစိန်ခေါ်ကာ နပန်းသတ်ကြပြန်သည်။ သွေးထွက်သံယိုမလုပ်ကြ။ အားပြိုင်စမ်းသည့်သဘောမျိုး ကျောကို မြေပြင်သို့ကျအောင် ဖမ်းဖက်ကာ လုံးထွေးလှဲကြသည်။

ဘောလုံးပွဲ၊ နပန်းပွဲစသည်တို့နှင့်အမှောင်ပျိုးချိန်ရောက်မှ လူစုခွဲလိုက်ကြလေသည်။ တစ်ခါက နပန်းသတ်ကောင်း၍ အင်္ကျီစုတ်ပြန်လာသောသူလေးသည် မိခင်၏ကြိမ်းမောင်းအရိုက်ခံခဲ့ရသည်။ နောက်ပိုင်းတွင်’ဆွတ်ကလေး’ကား အင်္ကျီချွတ်ပြီး နပန်းပွဲကို ဆက်လက်ဆင်နွှဲကစားခဲ့သည်။

အစ်ကိုကြီးနှစ်ဦးက စစ်ထဲသို့ဝင်လိုက်သည်။ ‘ဆွတ်ကလေး’တို့မိသားစုကလည်း မေမြို့(ပြင်ဦးလွင်)မြို့သို့ ပြောင်းရွှေ့သွားခဲ့သည်။

ဆွတ်ကလေးသည် မေမြို့စိန့်မေရီကျောင်းတွင်ပင် ပညာဆက်သင်သည်။ အိမ်အလုပ်တာဝန်များနှင့်ချည်းပိနေသောကြောင့် ကျောင်းတွင်းအားကစားတို့တွင်
လုံးဝမပါနိုင်အောင်ရှိသည်။

တစ်နေ့သူငယ်ချင်းတစ်ဦးက မေမြို့ကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲရှိ၍ သွားကြည့်ရန်လာခေါ်သည်။ ထိုသူငယ်ချင်းတွင်စက်ဘီးကလည်းအဆင်သင့်ပါလာသည်နှင့် စက်ဘီးအနောက်တွင်တက်ထိုင်ပြီး လိုက်သွားလေသည်။ သူတို့နှစ်ဦး စက်ဘီးကို တစ်နေရာ၌ ထားကာ သူတို့ကျောင်းအဖွဲ့ရှိသည့်နေရာသို့ လျှောက်သွားကြသည်။

“တို့ကျောင်းက မီတာ ၁၀၀ ပြေးမယ့်လူမရှိဘူး၊ ဟိုကောင်လေးကလည်း မလာဘူး၊ သိပ်စိတ်ညစ်ဖို့ကောင်းတယ်” သူတို့ကျောင်းမှစစ္စတာ(ခရစ်ယာန်ဆရာမ)၏ညည်းညူပြောသံကို သူတို့နှစ်ဦးလုံးကြားကြသည်။ သူတို့လည်း စစ္စတာရှေ့တည့်တည့်ကိုရောက်နေကြလေပြီ။

“စစ္စတာ၊ ဒီကောင်အပြေးသိပ်ကောင်းတယ်၊ သူ့ကိုပြေးခိုင်းလိုက်ပါစစ္စတာ”

အဖော်သူငယ်ချင်းက သူ့ပခုံးကိုပုတ်ကာ ပြောလိုက်သည်။ စစ္စတာက ဆွတ်ကလေးကို စေ့စေ့ကြည့်၏။ခြေဆုံးခေါင်းဆုံးအကဲခတ်လိုက်၏။

ရေတွေထမ်း၊ ထင်းတွေခုတ်၊ မြက်တွေရိတ်၊ နပန်းတွေသတ်နှင့် ကျောင်းကိုလည်းအပြေးသွားလိုက်၊ ဟိုနားဒီနားဆိုလည်း ဆတ်ခနဲရိပ်ခနဲ လှစ်ခနဲပြေးသွားလိုက်နှင့်တောင်ကုန်းတွေ၊ အမြင့်တွေကိုလည်းပြေးတက်ပြေးဆင်း၊ ပြီးတော့ ချိုင့်တွေမြောင်းတွေ၊ ချောင်းကလေးတွေ၊ရေအိုင်ခပ်ကျယ်ကျယ်လေးတွေကိုလည်း ကြုံသလိုခုန်ကျော်လိုက်နှင့် သူ့ဝါသနာအတိုင်း ခုန်ကျော်ပြေးကစား လှုပ်ရှားလာခဲ့သော ဆွတ်ကလေး၏ကိုယ်ခန္ဓာသည် ကျစ်ကျစ်လျစ်လျစ်နှင့်သန်မာပုံရှိနေသည်။

စစ္စတာဆရာမက နှုတ်ခမ်းဟရုံလေးပြုံးပြီး”အိုကေ၊ မင်းပဲဝင်ပြေးတော့၊ နိုင်အောင်ပြေးနော်ကလေး၊ တို့ကျောင်းဂုဏ်ရှိအောင်လုပ်”ဟု ချိုသာစွာနှင့်ခွင့်ပြုပြောလိုက်သည်။

‘ဆွတ်ကလေး’ကား သူ့နားကိုလည်းယုံ၊ သူကိုယ်တိုင်ကလည်း ဘာဖြစ်နေမှန်းမသိအောင်ရှိနေသည်။’တို့ကျောင်းဂုဏ်ရှိအောင်လုပ်’ဆိုသော ဆရာမ၏စကားသံတစ်ခုသာ သူ့ရင်ထဲစူးဝင်သွားမှန်းတော့သိလိုက်သည်။

“ဟေ့….မင်းမှာအတွင်းခံဘောင်းဘီပါတယ်မဟုတ်လား၊ ဒီဘောင်းဘီရှည်ကြီးကို ဒီမှာပဲချွတ်ထားခဲ့ကွာ၊ ဖိနပ်လည်းထားခဲ့၊ ငါယူထားလိုက်မယ်၊ ဟိုမှာအော်နေပြီကွ၊ မင်းလစ်တော့လေ”

‘ဆွတ်ကလေး’သည် အတွင်းခံဘောလုံးကန်ဘောင်းဘီတိုကို အဆင်သင့်ခံဝတ်ထားသောကြောင့် ဘာတစ်ခွန်းမျှမပြောတော့ဘဲ ကပျာကသီပင် သူ့ဘောင်းဘီရှည်ခပ်ဖားဖားကြီးကို ချွတ်ချလိုက်သည်။ ပြီးဆရာမကိုလုံးဝမကြည့်ဘဲ ဖိနပ်မပါခြေဗလာချည်းနှင့် တာလွှတ်ဒိုင်ရှိရာသို့ စွတ်ပြေးသွားလေ၏။

ရှပ်အင်္ကျီလက်တိုပါးပါးတစ်ထည်ကို လက်မောင်းရင်းထိအောင် ကျစ်ကျစ်လိပ်တင်ထားပြီး ဘောင်းဘီတိုကလေးနှင့်လှစ်ခနဲပြေးထွက်သွားခဲ့သောသူလေးကို
ဆရာမက ပြုံး၍ကြည့်ကျန်ရစ်ခဲ့သည်။

မီတာ ၁၀၀ ပထမ၊

မီတာ ၂၀၀ ပထမ၊

အလျားခုန် ပထမ။

ပြိုင်ပွဲ ၃ ခု၌ ပထမဆု ၃ ခုစလုံးကို ဆွတ်ကလေးကရသွားလေသည်။ ပွဲလာကြည့်ခဲ့သူ ပရိသတ်တစ်ဦးအဖြစ်မှ နေ့ချင်းညချင်းတစ်မုဟုတ်ချင်းတွင်ပင် ပြေးခုန်ပစ်ချန်ပီယံသစ်တစ်ဦးဘဝသို့ကူးပြောင်းသွားခဲ့လေသည်။

နဂိုရှိမှနဂိုင်းထွက်သည်ဆိုသကဲ့သို့ သူ့ပင်ကို အခံအားကလည်း ကောင်းခဲ့၊ သန်ခဲ့သည်ဖြစ်ပေသည်။ နောက်နှစ်တွင်လည်း ‘ဆွတ်ကလေး’ပင် ပြေးခုန်ပစ်ချန်ပီယံဖြစ်ခဲ့လေသည်။

အပိုင်း (၂)

ဗဟာဒူးသည် လူငယ်ဘဝ (ပြေးခုန်ပစ်ချန်ပီယံ) အောင်မြင်မှုတို့နှင့် မျက်နှာ အတော်ရနေခဲ့သည်။ အပေါင်းအသင်းများ၏ အရေးတယူပေါင်းသင်းဆက်ဆံမှုကိုလည်းရသည်။ သို့သော်လည်း အိမ်၏ စီးပွားရေးအတွက်ကား ‘ဆွတ်ကလေး’ စိတ်မကောင်းဖြစ်နေသည်။ ၎င်းကို၎င်းလည်း မိခင်မုဆိုးမကြီး၏ လုပ်စာကို လူပိုတစ်ဦးပမာ ထိုင်စားနေသူဟုလည်း အောက်မေ့၏။

တကယ်ကား သူ့အသက်ဟာ ၁၃ နှစ်မျှသာ ရှိသေးသည်။ အမေ၊ အစ်မ၊ အစ်ကိုတို့အား ငိုစားရယ်စားလုပ်စား၍ရသော်ငြား မည်သူမျှအပြစ်ပြောကြမည်မဟုတ်ပါ။’ဆွတ်ကလေး’သည် ငယ်စဉ်ကလေးဘဝကတည်းကအိမ်မှုတာဝန်တို့ကို ၎င်းတစ်နိုင်တစ်ပိုင် ထမ်းဆောင်ပေးတတ်သည့် အကျင့်ကောင်းများကရှိခဲ့သည်။ ထိုမှတစ်ဆင့် မိသားစုအပေါ် စာနာထောက်ထားမှု၊ အသိစိတ်ဓာတ်တို့သည် ၎င်းရင်မှာ စွဲတည်ကြီးမားလာပုံပေါ်သည်။ မိခင်အိုကြီး၏ စီးပွားရေးအကျပ်အတည်းကို သူမြင်တွေ့လာရသောအခါ သူ့နှလုံးသားသည် နာကျင်လာခဲ့သည်။

‘ဆွတ်ကလေး’သည် သူ့အိမ်အတွက် အိမ်မှာဒုက္ခမရှိရအောင် အလုပ်ထွက်လုပ်လိုသည်။ သူ့ဝမ်းသူကျောင်းချင်စိတ်ပေါက်နေခဲ့၏။ ၎င်းဖခင်ဂေါ်ရခါးစစ်သားကြီး၏သွေးပါသည်ပဲပြောပါစေ၊ လက်ရှိတပ်ထဲရောက်နေခဲ့သည့် ၎င်းအစ်ကိုစစ်သားကိုအားကျသည်ပဲဆိုပါစေ၊’ဆွတ်ကလေး’ဟာ (တပ်မတော်သား) လုပ်မည်ဟုဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချလိုက်ခဲ့သည်။

၎င်းတစ်ဦးတည်း ကိုယ့်ဘာသာပင် မေမြို့ စစ်သားစုဆောင်းရေးတပ်သို့သွားဝင်သည်။ ကိုယ်အလေးချိန်ပေါင်မပြည့်၍ မရ။ မျက်ရည်ကျ ဝမ်းနည်းပက်လက်ငိုယိုကာ အိမ်ပြန်လာခဲ့ရသည်။ နောက်များမကြာမီတွင်တပ်မတော်သားကြီးတစ်ဦး၏အကြံပြုချက်အတိုင်းလောင်းကုတ်အင်္ကျီအထူအရှည်ကြီးဝတ်ကာယင်းအင်္ကျီအိတ်များထဲသို့ ကျောက်တုံးကျောက်ခဲများ ထည့်ပြီး ထပ်သွားပြန်သည်။ ပေါင်ချိန်စစ်ဆေးရာတွင်လည်းကိုယ်အလေးချိန်ကမပြည့်သေး၍မရဟုဆိုသည်။

မျက်နှာရှုံ့မဲစွာနှင့် ငိုမလိုဖြစ်နေသော ၎င်းကို စစ်ဆေးသည့်နေရာတွင်ရှိသည့် ရဲဘော်ကြီးတစ်ဦးက တစ်ချက်လှမ်းကြည့်လိုက်သည်။

“ဟေ့…ချာတတ်၊ မင်းစစ်တပ်ထဲသိပ်ဝင်ချင်သလားကွ”

စစ်သားကြီး၏အမေးကိုသူဆတ်ခနဲခေါင်းညိတ်ဖြေလိုက်သည်။

“ဒီလောက်တောင်ဝင်ချင်တဲ့ x x x လေးကိုဝင်ပါစေကွာ၊ ခွင့်ပြုလိုက်စမ်းဟေ့”

စစ်သားကြီးက ဂရုဏာဒေါသောနှင့်ဆဲဆိုကြိမ်းမောင်းသံ များရောစွက်ကာ ပြောလိုက်သော်လည်း သူ့နားထဲ၌အင်မတန်ချိုမြသော ခွင့်ပြုမိန့်တစ်ခုဖြစ်၏။ ၎င်းသည်အားရဝမ်းသာဖြစ်မိပြီးသူဖြစ်ချင်သော တပ်မတော်သားဖြစ်ခဲ့ရလေပြီ။ ယင်းအချိန်ကား ၁၉၄၉ လွတ်လပ်ရေးရပြီးစမို့ ရောင်စုံသူပုန်များဖြင့် တိုင်းပြည်မငြိမ်သက်သေးတဲ့အချိန်လည်းဖြစ်ပါတယ်။

သာမာန်စစ်သား လူငယ်လေး ‘ဆွတ်ဗဟာဒူး’သည်လည်း သေနတ်သံ၊ အမြောက်သံများကြား တိုက်ပွဲများကြား၌ပင် လေး ငါးနှစ်ခန့်တိုက်ရင်းခိုက်ရင်း တာဝန်ကျေကျေ ထမ်းဆောင်နေခဲ့ရသည်။ ၁၉၅၂ခုနှစ် တပ်နားချိန်တွင် ဘောလုံးကစားရာမှ ရှမ်းပြည်နယ်လက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့သည်။

မြန်မာဘောလုံးလောကကိုကစားသမားသစ်များဖြင့် သွေးသစ်လောင်းရေးအတွက်ဘောလုံးအဖွဲ့ချုပ်ဟာ ၁၉၅၂ခုနှစ်တွင် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး ခြေစွမ်းထက်မြက်သည့် လူငယ်ကစားသမားများကို ဖော်ဆောင်ခဲ့သည်။ ပထမအကြိမ် တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲမှာပဲ ရှမ်းပြည်နယ်အသင်းအတွက်ဒိုင်းဆုကြီးရရှိအောင်အဓိကကျသောအခန်းကဏ္ဍနေရာမှ စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲအပြီးမှာပဲ ဆွတ်ဗဟာဒူးဟာစစ်ကိုင်းတိုင်းအသင်းဘယ်နောက်ခံလူထူးဝါးနှင့်အတူရန်ကုန်မှာ ကျန်ရစ်ခဲ့ရပြီး ပထမတန်းအသင်းများတွင်ဆက်လက်ကစားခဲ့ရပါသည်။၎င်းသည် တပ်မတော်သားတစ်ဦးဖြစ်၍လည်း တပ်မတော်ကြည်းတပ်အသင်းမှာပါ ဝင်ရောက်ကစားခဲ့သည်။

၁၉၅၂ခုနှစ်အပြီးနောက်တစ်နှစ်မှာပဲ ဗဟာဒူးဟာ မြန်မာ့လက်ရွေးစင်ဖြစ်ကာမြန်မာ့ဂန္တဝင်တိုက်စစ်မှူးဟု ခေါ်တွင်နိုင်မည့်အခြေအနေသို့စတင်ရောက်ရှိခဲ့ပါသည်။ ၁၉၅၃ခုနှစ်မှ ၁၉၇၀ခုနှစ်အထိနိုင်ငံတကာပွဲပေါင်း ၁၁၀ ကျော်ကို မိခင်မြန်မာနိုင်ငံအား ကိုယ်စားပြု၍ကစားခဲ့သည်။

၁၉၅၃ အောက်တိုဘာတွက် ဒုတိယအကြိမ်မြောက်လေးနိုင်ငံဘောလုံးပြိုင်ပွဲကို ရန်ကုန်မြို့၌ကျင်းပခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဗဟာဒူးသည် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင်ရွေးချယ်ခံခဲ့ရသည်။ ပထမပွဲအဖြစ် သီရိလင်္ကာ(သီဟိုဠ်)အသင်းနှင့်ပွဲတွင် ဗဟာဒူးသည် ညာတောင်ပံကစားသမားအဖြစ် ကစားရသည်။
မြန်မာအသင်းသည် ယင်းပွဲတွင် သိရီလင်္ကာကို ၃-၂ ဖြင့်အနိုင်ရရှိပြီး ရရှိခဲ့တဲ့ ၃ ဂိုးမှ ၂ ဂိုးဟာ ဗဟာဒူး ညာတောင်ပံမှတိုက်စစ်ဆင်မှုကြောင့်ဖြစ်ပါသည်။

ယင်းတစ်ပွဲတည်းနှင့် ဗဟာဒူး၏နာမည်မှာ နိုင်ငံတကာပွဲများတွင်ထင်ရှားခဲ့ပါသည်။ (ဗဟုသုတအဖြစ် သီဟိုဠ်အသင်းနှင့်ပွဲလူစာရင်းမှာ ဂိုး – အော့ကင်း၊ နောက်တန်း – ထွန်းအောင်၊ ဘကြူး၊ တင်လေး၊ အလယ်တန်း – အေးမောင်၊ ဒီမဲလိုး၊ ရှေ့တန်း – ဗဟာဒူး၊ ထွန်းရှိန်၊ ဆင်မြူရယ်၊ အောင်ရှိန်နှင့်ထူးဝါးတို့ပါဝင်ကစားခဲ့ကြသည်။

ယင်းပွဲမှမြန်မာအသင်းရရှိခဲ့သည့် ၃ ဂိုးစလုံးကို ဆင်မြူရယ်မှ သွင်းယူခဲ့ခြင်းဖြစ်သည်။) ယင်းပြိုင်ပွဲတွင် မြန်မာအသင်း တတိယဆုရရှိခဲ့ပါသည်။၁၉၅၄ခုနှစ် အာရှအားကစားပြုင်ပွဲတွင် ၄ ပွဲကစားရာရှုံးပွဲမရှိစိုက်ထူနိုင်ခဲ့သည့် သမိုင်းတွင်လည်း ဗဟာဒူး ပါဝင်ကစားခဲ့သည်။

ဗဟာဒူးသည် ယင်းပြိုင်ပွဲအပြီးတွင်ပြည်တွင်ပွဲများဝင်ကစားခဲ့ရပြီး ခြေကျိုးခဲ့ဖူးပါသည်။ဗဟာဒူးခြေကျိုးသည့်ဖြစ်ရပ်ကို အောက်တွင်ဖတ်ရှုကြည့်ပါ။ ယင်းနေ့ကပွဲသည် အကြိုဗိုလ်လုပွဲဖြစ်ပြီး အောင်ဆန်းကွင်း၌ ကစားခဲ့ရတာဖြစ်ပါသည်။ ကစားကြသည့် အသင်းများမှာ Army(တပ်မတော်)နှင့် ပုလိပ်ကြီး(ပြည်သူ့ရဲ)တို့ဖြစ်ကြသည်။ အကြိုဗိုလ်လုပွဲဖြစ်နေသည့်အပြင် ယင်းအချိန်က နာမည်ကြီး အသင်းကောင်း၂သင်းဖြစ်သောကြောင့် ပွဲကြည့်ပရိသတ်က သူ့ဘက်ကိုယ့်ဘက်အပြင် ဘောလုံးဝါသနာအိုးများဖြစ်ကြသောကြောင့် ကွင်း၏လေးဘက်လေးတန် အဆောက်အဦးများ၌ လူပြည့်ကျပ်နေပြီး မဆန့်သဖြင့်တစ်ချို့ကွင်းထဲဝင်မတ်တပ်ရပ်ကြည့်ရသည်အထိပင်ဖြစ်ပါသည်။

ဘောလုံးကစားကြရာ၌ ယင်းခေတ်က နာမည်ကြီးခေတ်စားစပြုနေသည့် နောက်တန်း ၃ယောက်စနစ်(Three Back)ကို ၂သင်းလုံးပုံစံတူကစားကြပါသည်။

Army အသင်းက ညာတောင်ပံကစားသမားဖြစ်သောဗဟာဒူးကို ပုလိပ်ကြီးအသင်းက ဘယ်ခံစစ်ကစားသမား ကိုထွန်းဖေက လူကပ်ကစားရပါသည်။ဗဟာဒူးသည် အသက်ငယ်၊ ခြေလည်းပြင်း၊ ဘောလုံးထိန်းတာမြဲလည်းမြဲ၊ အပြေးလည်းသန်ပါသည်။ သို့သော် ၎င်းဘောလုံးကစားသည်မှာ တစ်နှစ်ကျော်လောက်သာရှိသေးသဖြင့် အထာမနပ်သေးပါ။ ဘောလုံးရခဲ့လျှင် ယူပြေး၊ ဖြတ်ကန်၊ တစ်ခါတစ်ရံရှေ့ကလူတားသော်လည်း သိပ်ဂရုမစိုက်ပါ။ သူ၏ခြေကန်အားပြင်းသောကြောင့် ရှေ့မှနေ၍ ဖြတ်တားသူများဟာ၎င်း၏ဘောလုံးနှင့်ထိမှန်လျှင် ယိုင်သွားသည်အထိဖြစ်ခဲ့ကြသည်။

ယင်းအချိန်က ဗဟာဒူးအများဆုံးလုပ်တတ်သည့်အကျင့်မှာ ဘောလုံးကိုနောက်ဘက်(မိမိအသင်းဖက်)ပြန်ဆင်းပြေးပြီးယူလေ့ရှိကာ နောက်မှနေ၍ ကပ်လိုက်လာသော တစ်ဖက်အသင်းမှလူကိုထိအောင်ဗြုံးကနဲ(တမင်) ကိုယ်ကိုလှည့်ပြီး ဘောလုံးကိုကန်လေ့ရှိပါသည်။ ဗဟာဒူး၏ကိုယ်လှည့်တာမြန်သည့်အတွက်
နောက်ကလိုက်လာသည့်တဖက်အသင်းသားများမှာဘယ်လိုမှမရှောင်နိုင်ဘဲ ကိုယ်လုံးကိုသော်လည်းကောင်း၊ ဗိုက်ကိုသော်လည်းကောင်းဘောလုံးထိတာများပါသည်။ တော်တော်လေးနာလေ့ရှိကြပါသည်။

ဤကိစ္စမျိုးတွင် ဗဟာဒူးကိုအပြစ်ပြော၍မရသလိုပြစ်ဒဏ်ဘောပေးလို့လည်းမရပါ။ တစ်ယောက်နှင့်တစ်ယောက် လူချင်းအကွာအဝေးမှာ တစ်ကိုက်လောက်
ကွာနေသောနေရာမှ ဘောလုံးနှင့်အထိခံရသည့်အတွက်ကြောင့် တော်တော်လေးနာတာခံကြရသော်လည်းပွဲကစားနေစဉ်အတွင်းဖြစ်သဖြင့် ရှက်ရှက်နှင့် ဟန်မပျက်ထိန်းနေခဲ့ကြပါသည်။ ပွဲပြီးလို့အပြင်ရောက်လျှင်၎င်းတို့ခံကြရသည်များကို အချင်းချင်းပြောပြကြ၍သိရတာဖြစ်ပါသည်။

ယင်းဆီမီးဖိုင်နယ်ပွဲနေ့က ဗဟာဒူးဟာ ကိုထွန်းဖေကိုထိုသို့လှည့်ကန်ခဲ့သည်မှာ (၃-၄)ကြိမ်လောက်ရှိမည်ထင်ပါသည်။ လူကိုထိလည်းထိ နာလည်းနာဖြစ်ခဲ့ပါသည်။ ကိုထွန်းဖေသည် အသက်ကြီးတော့ နည်းနည်းလေးနှေးပါသည်။ ကစားသမားသက်တမ်းကတော့ ဗဟာဒူးထက် ၄ နှစ်ကျော်လောက်စောပါသည်။ထိုသို့ဘောလုံးနှင့် လှည့်ကန်ခြင်းကို မကြာခဏခံနေရသဖြင့်နာနာနှင့်ရှက်ပြီးဒေါပွနေစဉ်အတွင်းမှာ ဘောလုံးကArmy အလယ်စည်းကျော်ပြီး ကွင်းဝက်ကျော်ကျော်လောက်အထိ အထူးတန်းပွဲကြည့်စင်ဘေးစည်းနားကပ်လျက် နောက်ဘက်(Armyကွင်းဘက်)ကို ပြန်လိမ့်လာနေပါသည်။ Armyအသင်းက မြောက်ဘက်ဂိုးကနေ ကစားနေချိန်ဖြစ်ပါသည်။

ဘောလုံးကို ဗဟာဒူးက ရှေ့အလယ်စည်းမှနေ၍ သူလုပ်နေကြအတိုင်း နောက်ကိုပြန်ဆင်းပြေးပြီး လိုက်ယူပါသည်။ ကိုထွန်းဖေကလည်း သူ့နောက်ကကပ်ပြီးလိုက်ပါလာသည်။ Army အသင်း၏ နောက်ဘက်အလယ်တန်းကို ဘောလုံးအကျော်လောက်တွင် ဗဟာဒူးက ဘောလုံးကိုမိသွားခဲ့သည်။ ထိုအခါသူလုပ်နေကျပုံစံအတိုင်း (လူပါလာတာကိုသူသိမည်ထင်ပါသည်)ဗြုံးဆိုလှည့်ပြီးကန်လိုက်ပါသည်။

ကိုထွန်းဖေကလည်း နောက်မှအနီးကပ်ဖြစ်နေသည့်အပြင် ဗဟာဒူးမှလည်း မကြာခဏ ဤကဲ့သို့ လှည့်ကန်သဖြင့် အထိခံရပေါင်းများနေပြီဖြစ်သောကြောင့် သူ့ဘယ်ခြေနှင့် ကန့်လန့်(ဘေးတိုက်)ကိုယ်ကို တဖက်စောင်းလှည့်ပြီး ခြေတန်းလျက်တားခဲ့ပါသည်။

၎င်းသည်ဘယ်သန်ကစားသမားတစ်ဦးဖြစ်ပါသည်။ဗဟာဒူးကို ယင်းအချိန်ကကိုထွန်းဖေနင်းခဲ့ခြင်းမဟုတ်ဘဲ ၎င်းကိုယ်လုံးကို ဘောလုံးမှန်မှာစိုး၍ကြောက်ကန်ကန်ပြီး ခြေထောက်နှင့်ဘေးတိုက်ကိုယ်စောင်းပြီးတားခဲ့ရာမှ ချော်ပြီးထိသွားတာလို့ယူဆလို့ရပါသည်။

ဗဟာဒူးခြေထောက်ထိပြီး”ဗြောင်း”ဆိုသည့် အသံကိုကြားလိုက်ရပါသည်။ ဗဟာဒူးလည်း “အား”လို့အော်ပြီးလဲကျသွားပါသည်။ ထို့နောက် ဗဟာဒူးကိုတွဲထုတ်ပြီး ရသည့်ပြစ်ဒဏ်ဘောကို ကန်ပြီးဆက်ကစားကြပါသည်။ ယင်းပွဲတွင် ဂိုးမရှိသရေဖြင့်ပြီးဆုံးခဲ့ပါသည်။

ထိုပွဲအပြီးဗဟာဒူးခြေကျိုးသဖြင့်အနားယူခဲ့ရပြီး ၁၉၅၅ခုနှစ် နှစ်လယ်လောက်မှသာ ဘောလုံးလောကသို့ပြန်လည်ဝင်ရောက်လာနိုင်ခဲ့သည်။ယင်းခေတ်ကစတုတ္ထအကြိမ်မြောက် လေးနိုင်ငံပြိုင်ပွဲ(နောက်ဆုံးအကြိမ်ကျင်းပသည့်ပြိုင်ပွဲ)တွင် မြန်မာ့လက်ရွေးစင်အသင်းလူစာရင်းတွင်ပြန်လည်ပါဝင်လာခဲ့ပြီးတစ်ကျော့ပြန်ခြေစွမ်းပြကစားနိုင်ခဲ့ပါသည်။ပွဲဦးထွက်အဖြစ် ပါကစ္စတန်နှင့်ကစားသည့်ပွဲတွင်၂-၄ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီး မြန်မာအသင်းအတွက်ဂိုးများကိုဗဟာဒူးနှင့်ဒေးဗစ်ကျော်ဇံတို့ကသွင်းယူပေးခဲ့သည်။

မြန်မာအသင်း၏ဒုတိယပွဲစဉ်အဖြစ် အိန္ဒိယအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ရပြီး ၂-၅ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါသည်။မြန်မာအသင်းအတွက်ဂိုးများကို ဗဟာဒူး၊ အောင်ရှိန်(ဗဟာဒူးဖန်တီးပေး)တို့မှ သွင်းယူပေးနိုင်ခဲ့သည်။ဗဟာဒူးမှာအကောင်းဆုံးကစားနိုင်သူဟု အိန္ဒိယအသင်းမှ ပူရန်ဗဟာဒူးနှင့်အတူ ချီးကျူးခံခဲ့ရသည်။

တတိယပွဲ(နောက်ဆုံးပွဲအဖြစ်) မြန်မာအသင်းက သီဟိုဠ်အသင်း(သီရိလင်္ကာ)ကို ၃-၁ ဂိုးဖြင့်အနိုင်ရရှိသည့်ပွဲတွင် ဗဟာဒူး မှ ၂ ဂိုး(ပင်နယ်တီ၁ဂိုး)၊ အောင်မြင့်တစ်ဂိုး သွင်းယူပေးခဲ့ပြီး တတိယနေရာဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။ ဗဟာဒူးအကောင်းဆုံးကစားသွားသည့်ပွဲဟုဆိုခဲ့ကြသည်။ ၎င်းသည် ယင်းပြိုင်ပွဲတွင် ၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းဘုရင်လည်းဖြစ်ခဲ့ပါသည်။

၎င်း၏ ကစားသမားဘဝတွင် ကံကြမ္မာဆိုများဖြင့်လည်း ကြုံတွေ့ခဲ့ဖူးသည်။ ၁၉၆၂ မြန်မ့ာမြေပေါ်တွင် ကျင်းပသည့် ကျွန်းဆွယ်ပြိုင်ပွဲတွင် အိမ်ရှင်မြန်မာသည် ဗိုလ်လုပွဲမှာ နိုင်မည် အသေချာပင်ဖြစ်သော်လည်း အိမ်ရှင်ပရိတ်သတ်ရှေ့ တွင် မလေးရှားကို (၂ – ၀)ဂိုးဖြင့်အရေးနိမ့်ခဲ့ပါသည်။ ထိုအခါ သက်ဆိုင်ရာအာဏာပိုင် တို့က လောင်းကစား သံသယဖြင့် ဗဟာဒူး၊ တင်ကြည်၊ ကိုကိုကြီး၊ ကျော်ဇောနှင့် ကျော်အေးတို့ငါးဦးကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ပေးခဲ့ပါသည်။ ကံကောင်းထောက်မစွာဖြင့် အယူခံဝင်ပြီးနောက် ပြစ်ဒဏ်မှ ကင်းလွတ်ခဲ့ရသည်။

ဗဟာဒူးသည် ကစားသမားဘဝတစ်လျှောက်အကောင်းဆုံးဘောလုံးသမားအဖြစ် ၂ ကြိမ်သတ်မှတ်ခံခဲ့ရသည်။ မြန်မာဘောလုံးသမိုင်းကြောင်းမှာပထမဦးဆုံးအကြိမ်အကောင်းဆုံးအားကစားသမားဆုစတင်ချီးမြှင့်သည့် ၁၉၅၅ နှင့် ၁၉၅၆ တို့တွင် ဗဟာဒူးကရရှိခဲ့ပါသည်။

အပိုင်း (၃)

ဗဟာဒူး၏ ဘောလုံးသမားဘဝအောင်မြင်မှုအထဲတွင်စိတ်ကောင်းနှလုံးကောင်းရှိခြင်း၊ မိခင်ဖခင်တို့အားကျေးဇူးတရားသိတတ်ခြင်း၊ ဇွဲရှိရှိနှင့်လုံ့လထုတ်ကြိုးပမ်းခဲ့ခြင်းစသည်တို့ကြောင့်လည်း ပါရမီရှင်ဘောလုံးအားကစားသမားအဖြစ်မျိုး အောင်မြင်ကျော်ကြားမှု ဂုဏ်ရောင်ကို ပိုမို၍ ထွန်းပြောင်စေခဲ့သည်ဟု ဆိုရချေမည်ဖြစ်သည်။

“ပါရမီရှိရမယ်၊ ဥပမာ သီချင်းအဆိုတော်ဖြစ်ဖို့က လူတိုင်းလုပ်လို့မရဘူး၊ ဗီဇ၊ ပါရမီနဲ့မှ မာမာအေး၊ တင်တင်မြတို့လို ဖြစ်လာမှာပဲ၊ ဘောလုံးမှာလည်းဒီလိုပါပဲ၊
ပါရမီပါတော့ကောင်းတယ်၊ ပိုထူးထူးချွန်ချွန်တော်တာပေါ့။ ကျနော် အရင်တုန်းက စစ်တိုက်ရတာကိုပဲ ပျော်တယ်။ ဘောလုံးမှာစိတ်သိပ်မပါခဲ့ဘူး။ ကန်ခိုင်းလည်း ဘဲကန်ကန်သလို ယက်ကန်ယက်ကန် ကန်ပစ်တာပဲ။ကျနော့်ကိုကန်ခိုင်းတဲ့ တပ်ရေးရဲဘော်ကြီးက ကွင်းပြင်ကနေ စိတ်ဆိုးဆိုးနဲ့ပဲ ခဲနဲ့ပေါက်တယ်။ တကယ့်ကိုချတာ၊ ထိရင်တော့ အကွဲအပြဲပဲ”

“ကျနော်က ဟိုရှောင်ဒီရှောင်လုပ်ပြီး ခပ်ပေပေပဲ ဆက်ကစားနေခဲ့တယ်၊ဘောလုံးလေ့ကျင့်ဖို့ဆင်းခိုင်းလည်း နွားမောင်းသလို ကြိမ်တစ်ချောင်းကိုင်ပြီး ကျနော့်နောက်ကနေ ကြိမ်းမောင်းလိုက်ကြရတယ်။ ကျနော်ကလည်း စိတ်မပါသေးတော့ကပ်တပ်တပ်ပဲလုပ်နေတုန်းပဲလေ။ ဒါကလည်း တပ်ခဏနားနေတုန်း ကစားရတယ်ဆိုတော့ တပ်ပြန်ထွက်ရင် ကျနော်ကလည်း လိုက်သွားချင်တဲ့စိတ်ကရှိနေတာကိုး။ ဒါကြောင့်ဘောလုံးမှာ စိတ်သိပ်မပါဘူး”

“နောက်တော့အဲ့ဒီဆရာတွေက ကျနော့်ကို စိတ်ပျက်လက်လျှော့သွားခဲ့ကြတယ်။ အလကားကောင်ပါကွာ။ တို့က သူ့ကိုသက်သက်အထင်ကြီးနေခဲ့တာပဲ။ သူ့ပုံကိုကြည့်ပါလား။ ထိုင်းထိုင်းလေးလေးကြီးနဲ့ အသုံးကိုတစ်စက်မှကျမယ့်ကောင်မဟုတ်ပါဘူး။ အလကားအချိန်ကုန်လူပန်းတယ်။ ပစ်သာထားလိုက်တော့ဆိုပြီး ပြောလာကြတယ်။ အဲ့ဒီရှုတ်ချတဲ့စကားတွေကို ကျနော်ကြားရတော့ အသည်းတဆတ်ဆတ်နာတယ်။ ဒေါသဖြစ်တယ်။ ခံလည်းခံပြင်းတယ်။ မခံချင်စိတ်လည်းသိပ်ထွက်မိတယ်။ ငါ့ကိုဒီလောက်တောင် အထင်သေးတဲ့လူတွေ တစ်နေ့သိစေရမယ်ဆိုပြီး ကျနော်ဘောလုံးကို စိတ်ပါလက်ပါ ပြန်လုပ်တော့တာပဲ။

“လူကတော့ အရိုင်းကောင်လေးတစ်ကောင်ပါ။ ဒါပေမယ့်ဘောလုံးနဲ့ကျတော့ သိပ်အရိုင်းကြီးမဟုတ်သေးဘူးလေ။ ငယ်ငယ်ကကစားခဲ့ဖူးပါတယ်။ ပြီးတော့ ကျနော်က အပြေးမှာလည်းသန်တယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှုရှိတယ်။ ဘယ်အားကစားမှာပဲဖြစ်ဖြစ် မြန်ရမယ်ဗျာ။ ကျွမ်းဘားမှာလည်း မြန်မှ၊ ဘယ်မှာဖြစ်ဖြစ် မြန်မှ ကောင်းတာမဟုတ်လားဗျာ။ ကျနော်ကိုယ်တိုင်ကလည်း ဒီမြန်တာကိုသိပ်ကြိုက်တာ။

ဘောလုံးမှာလည်း မြန်အောင်လုပ်ကစားတယ်။ ‘တပ်’ ‘တပ်’ နဲ့ တက်ပင်(ခြေဖျားဖြင့်တို့၍ဆွဲခြင်း) လုပ်ယူတယ်။ မြန်သည်ထက် မြန်မြန်ယူပြေးနိုင်အောင် လေ့ကျင့်တယ်။ သူများထက် စောစောထ၊ ကြိုးတွေဘာတွေခုန်တယ်။ ဒီမတိုင်ခင်က ကျနော်အိပ်ရာက မထသေးလို့ မျက်နှာကိုရေလောင်းပြီးနိုးခဲ့ရတာနော်။ လေ့ကျင့်ခန်းဆင်းပြီဆိုရင်လည်း ကျနော်ကြိုးကို တစ်ခါထပ်ခုန်သေးတယ်။ ဒူးကရင်ညွှန့်အောက်ကို မြှောက်မြှောက်ပြီး မြန်မြန်ကြီးခုန်တာ”

“ပြည်နယ်/တိုင်းပွဲ ၁၉၅၂ခုနှစ်(ပထမဆုံးအကြိမ်) ပွဲမစခင်အချိန်မှာဘဲ မေမြို့မှာ ဘောလုံးပွဲတစ်ပွဲသွားကစားခဲ့တယ်။ ကျနော်ကစားတာကို လူကြီးတွေက တွေ့ပြီးကြိုက်ပြီး ကျနော့်ကို ရန်ကုန်ခေါ်ဖို့စီစဉ်ကြတယ်လို့ကြားခဲ့တယ်။ နောက်သိပ်မကြာခင်မှာ ရှမ်းပြည်နယ်လက်ရွေးစင်အဖြစ်ပါသွားပြီး ဗိုလ်စွဲတော့လကျနော့်ကိုရန်ကုန်မှာပဲ တခါတည်းခေါ်ထားခဲ့ကြတယ်။ အဲ့ဒီတုန်းက ကျနော့်နဂိုစိတ်ကိုက တပ်မှာပဲအေးအေးဆေးဆေးနေချင်တယ်။ ဒါကြောင့်ကျနော့်ကို တပ်ပြန်ခွင့်ပြုဖို့တင်ပြခဲ့ပါသေးတယ်။ အထက်အမိန့်နဲ့ဆိုတော့ဒီမှာပဲနေခဲ့ရတော့တယ်။ ဆက်တိုက်တစ်ခါတည်းပဲ မြန်မာ့လက်ရွေးစင်ဖြစ်လာတော့ ငါ့ဘဝမှာ ဘောလုံးတစ်ခုတည်းကိုပဲ ဇောက်ချလုပ်ရတော့မှာပဲဆိုတာသိလာတယ်။ ပိုကြိုးစားခဲ့တယ်ဗျာ”

၁၉၆၅ခုနှစ် မာဒေးကားတွင် မြန်မာအသင်း တတိယ ရစဉ်က ပါဝင်ခဲ့ပြီး အသင်းဖော် ခင်မောင်ထွန်းနှင့်အတူ အာရှလက်ရွေးစင်အဖြစ် ရွေးချယ်ခံရသည်။ အင်္ဂလန်တွင် ရှက်ဖီးဝင်းစဒေး၊ ဖူလ်ဟမ်တို့နှင့် ခြေစမ်းရာတွင် ပါဝင်ကစားခဲ့ဖူးသည်။ ၁၁ ကြိမ်မြောက် မာဒေးကားတွင် ချန်ပီယံဆုရပြီး အာရှလက်ရွေးစင် အဖြစ် (ဂိုး)တင်အောင်၊ မောင်မောင်တို့နှင့်အတူ ရွေးချယ်ခံရပါသည်။ အင်္ဂလန်မှ လက်စတာ၊ ဆောက်သမ်တန် တို့နှင့်ကစားရာ အရေးနိမ့်သော် လည်း ခြေစွမ်းပြ နိုင်ခဲ့၏။ ထို့နောက် အာရှအိုလံပစ် ရွှေတံဆိပ်ရ မြန်မာအသင်းမှ လူငယ်များ ဥရောပခြေစမ်းခရီးတွင် ပါဝင်သွားကြသဖြင့် ဗဟာဒူးမှာ လက်ရွေးစင်အသင်းကြီးအတွက် ကစားပေးခဲ့ရပါသည်။

နိုင်ငံတော်အတွက် မြန်မာ့လက်ရွေးစင်အဖြစ် ပါဝင်ခဲ့ပြီး အာရှအားကစားဘောလုံးပြိုင်ပွဲတွင် ၁၉၆၆ တွင် ချန်ပီယံ နှင့် ၁၉၇၀ ခုနှစ်တွင် ကိုရီးယားအသင်းနှင့် ပူးတွဲ ချန်ပီယံ ဖြစ်ခဲ့သည်။ အရှေ့ တောင်အာရှ အားကစားပြိုင် ဆီးဂိမ်းဘောလုံးပြိုင်ပွဲတွင် ၁၉၆၅ ခုနှစ်တွင် ထိုင်း နှင့် ပူးတွဲချန်ပီယံ၊ ၁၉၆၇ နှင့် ၁၉၆၉ ခုနှစ်တွေမှာ ပထမရွှေတံဆိပ် ရအောင်လည်း စွမ်းဆောင်ပေးခဲ့ပြန်ပါသည်။ မလေးရှား လွတ်လပ်ရေးဖလား (မာဒေးကား ဖလား) ပြိုင်ပွဲမှာတော့ ၁၉၆၄ ခုနှစ်မှာ တစ်ကြိမ် နှင့် ၁၉၆၇ ခုနှစ်မှာ ကိုရီးယားအသင်းဖြင့် နှစ်ကြိမ်မြောက်အဖြစ် ပူးတွဲဗိုလ်စွဲခဲ့ပါသည်။

“သူများထက်ပိုကြိုးစားတော့မှသူများထက်ပိုကောင်းမှာပဲဆိုတဲ့စိတ်က ကျနော့်မှာရှိတယ်ဗျာ။ စောစောက ပြောသလို လေ့ကျင့်ခန်းမဆင်းခင်အချိန်မှာပဲ ကိုယ့်ဘာသာ ကြိုးခုန်တာတို့ဘာတို့လုပ်တယ်။ လေ့ကျင့်ခန်းဆင်းပြီးပြီဆိုလည်း ကိုယ့်အတွက်က တစ်မျိုးမဟုတ် တစ်မျိုးလုပ်ခဲ့သေးတာပဲ။ ဘောလုံးနဲ့ပဲ တာတိုကလေးကိုပြေးတာတို့၊ ဆတ်ခနဲကွေ့ပတ်လှည့်တာတို့၊ ဝမ်းဗိုက်ကြွက်သားနဲ့ ခါးကောင်းအောင်လို့ လှဲအိပ်ပြီးကိုယ်ကိုမတ်တင်တဲ့ အိပ်ထမတင် လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်။ ကျနော့်ကိုယ်ကို ဘယ်တော့မှမညှာဘူး။တကယ်အပင်ပန်းခံလုပ်ခဲ့တယ်”

“ဒီလိုအပင်ပန်းခံလေ့ကျင့်ပြီးတိုင်းမှာ ကျနော့်ကိုယ်အလေးချိန်ဟာ အနည်းဆုံး တစ်ပေါင် တစ်ပေါင်ခွဲတော့ ကျသွားတာချည်းပဲ။ ဒါပေမယ့်ရေမိုးချိုး စားသောက်ပြီးခနနား၊ ခနလေးအိပ်လိုက်တာနဲ့ ဒီကျသွားတဲ့ ပေါင်ဟာ ချက်ချင်းပြန်ပြည့်အားရှိလာခဲ့တယ်။ အကြာကြီးအိပ်တိုင်း အားဖြစ်တာမဟုတ်ဘူး။ ကောင်းတာမဟုတ်ဘူး။

အကြာကြီး တစ်နေကုန်မျိုး လှဲလျောင်းနေရင် ကောင်းချင်မှကောင်းတာ။ ဘောလုံးသမားတစ်ယောက်ဟာကိုယ့်ကိုယ်ကို အမြဲတမ်းဆရာဝန်လုပ်နေရမယ်။ဆရာဝန်လုပ်တတ်ရမယ်။ ငါဗိုက်နာတတ်သလား။ ငါခေါင်းကိုက်တတ်သလား။ ငါလေးလေးထိုင်းထိုင်းကြီးရှိတတ်သလား။ ကိုယ်မှာဖြစ်တတ်တဲ့ ဝေဒနာအသေးအမွှားတွေကအစ ဂရုတစိုက်စစ်ဆေးကြည့်တတ်ရမယ်၊အမြဲတမ်း Fit(ကြံ့ခိုင်)ဖြစ်နေအောင်လို့ပေါ့ဗျာ။ ကျနော်ကစားနေချိန်က ဆေးလိပ်၊ အရက် လုံးလုံးမသောက်ဘူး။ အိပ်ရေးပျက်လည်းလုံးဝမခံဘူး”

“ကစ် ကန်အား ပြင်းအောင်ကတော့ သေသေချာချာလေ့ကျင့်ထားတယ်။ ခြေချထိုင်ပြီး ခြေထောက်ဖျားမှာ အလေးဆွဲထားတယ်။ ဒူးကို ကွေးချည် ဆန့်ချည်နဲ့
ပေါင်အရင်းပိုင်း၊ အောက်ဘက်ကြွက်သား မာဆယ်တွေကောင်းအောင် စနစ်တကျကျင့်တယ်။ ဆရာတွေ ဘာတွေနဲ့ စနစ်တကျလုပ်ရင် ပိုကောင်းတာပေါ့ဗျာ။
ခါးကောင်းအောင်၊ ဘောလုံးကိုလှည့်ပတ်နိုင်အောင်ကတော့ ခါးလေ့ကျင့်ခန်းအမျိုးမျိုးနဲ့ ဗယ်လီ(ဗိုက်ကြွက်သား) လေ့ကျင့်တာမျိုးကို အထူးဂရုတစိုက်မပြတ်ကစားခဲ့တယ်။ ကျနော့်အတွက် အများဆုံး လေ့ကျင့်တာတွေဟာ အသင်းရဲ့ကွင်းတွင်း လေ့ကျင့်ခန်းမဆင်းခင်နဲ့ဆင်းပြီးအချိန်တွေမှာပါ ဆက်တိုက်ပဲလုပ်ခဲ့ပါတယ်”

“နေဦးဗျ.. ဟိုမြန်တယ်မြန်ရမယ်ဆိုတဲ့ ပက်သက်လို့ ကျန်ရစ်တာလေးရှိသေးတယ်ဗျ၊ မြန်တော့မြန်ပါပြီတဲ့ဗျာ။ သူ့မှာ သက်လုံမကောင်းရင်အလကားပဲပေါ့ဗျာ။
မဟုတ်လား၊ လက်ဝှေ့မှာ ဘယ်လောက်မြန်မြန်၊ ကရာတေးဆရာဆိုလည်း ဘယ်လောက်မြန်မြန် သူက လေးငါးခြောက်ချက်လောက်ချပြီး မောနေရင် နောက်ပိုင်း သူပဲခံရဖို့ရှိတော့တာပေါ့။ ဒါကြောင့်မြန်ရမယ်၊ မြန်တာရဲ့နောက်ပိုင်းမှာ သက်လုံကောင်းတာ၊ အမောခံနိုင်ရည်ရှိတာတို့တော့ အမြဲရှိနေရမှာပါ။ ပိုက်ဆံဒင်္ဂါးရဲ့ ခေါင်းနဲ့ပန်းလိုပါပဲ။ တွဲကပ်ပါနေရမယ်။

ကျနော်ကမြန်အောင်လုပ်တယ်။ ဒီမြန်တာကို အကြာကြီးသုံးနိုင်အောင် သက်လုံကောင်းဖို့၊ ကိုယ်ခံအတွင်းအားတွေက ကြံ့ခိုင်သန်စွမ်းနေဖို့ စောစောကပြောသလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ အပင်ပန်းခံလေ့ကျင့်ထားခဲ့တယ်”

“လူတော့မချတတ်ဘူးဗျာ။ ကျနော့်ကိုချရင်သိပ်တော့မခံချင်ဘူး။ ဒါပေမယ့်ဘောလုံးပွဲဆိုတော့ စိတ်ကိုထိန်းချုပ်ထားခဲ့ရတာပါ။ ဘာလုပ်ဖို့လူချကစားမလဲဗျာ၊ ကိုယ်ကချလိုက်မိရင် သူတို့ကငါ့ကို လစ်ရင်ချတော့မှာပဲဆိုပြီး စိတ်ပါပါနဲ့ကစားရမှာမဟုတ်ဘူး။ သတ္တိရှိရင်တော့ကွင်းပြင်မှာပဲ ရှင်းကြတာမျိုးကြိုက်ပါတယ်။ ဒါကြောင့်လူချကစားတတ်တဲ့စိတ် ကျနော့်မှာလုံးဝမရှိခဲ့ဘူး။ လုံးဝကိုမကစားတတ်ပါဘူး”

“ကပ္ပတိန်တစ်ယောက်အဖြစ်နဲ့က သူများထက် ပိုတော်ပိုကောင်းအောင် ကြိုးစားကစားရမှာပါ။ ဒါမှ ကိုယ့်အသင်းသားတွေအားလုံး ကိုယ့်ကို လေးစားချစ်ခင်ကြမှာကိုး။ ကိုယ့်အသင်းက လူတွေရဲ့အထာအကျင့်လေးတွေကိုသိထားရင်ပိုကောင်းပါတယ်။ လူတိုင်းဟာအပြစ်ပြောတာကိုမကြိုက်တော့ ကိုယ်က သူလက်ခံအောင် အလိမ္မာသုံးပြောရတော့မှာကိုး”

“အဓိကကတော့ဗျာ၊ ကိုယ့်အတွက်ကြောင့်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အသင်းသားတွေစိတ်ဓာတ်မကျဖို့အရေးကြီးတယ်။ ကျနော်ကတော့ ကိုယ့်လူတွေကို ဂရုတစိုက်နဲ့ အမြဲအားပေးခွင့်လွှတ်သည်းခံပြီး ကိုယ့်အသင်းညီညွှတ်သွေးစည်းမှုပိုကောင်းအောင် အတတ်နိုင်ဆုံး လုပ်ခဲ့တာပါပဲ”

၁၉၅၂-၅၃ခုနှစ်က ဇနီးသည် ဒေါ်ခင်သန်းမြင့်(၁၉၇ဝပြည့်နှစ်တွင်ကွယ်လွန်သွားသူ)နှင့်အတူ လက်ထပ်စဉ်ကရိုက်ထားသော ၂ယောက်စုံတွဲဓာတ်ပုံကြီးကိုကြည့်ပြီးသူ့ဇနီးသည်၏အထူးဂရုတစိုက်ပြုစုကူညီအားပေးခဲ့မှုကြောင့် သူ့ဘောလုံးသက်တမ်းရှည်ကြာခဲ့ရသည်ဟုဗဟာဒူးက သတိတရရှိလှစွာနှင့်ပြောပါသည်။
ဇနီးဒေါ်ခင်သန်းမြင့်နှင့်အတူ သားသမီး ၃ ဦးထွန်းကားခဲ့ပြီး သမီး စုစုမြင့်၊ သားမော်စကို၊ သမီးထွေး ကစ်တီမြင့်တို့ဖြစ်ပါသည်။

ဗဟာဒူးနှင့် သူ့ဇနီး ဒေါ်ခင်သန်းမြင့်တွေ့ဆုံကြသည်မှာဤသို့ဖြစ်ပါသည်။

နွေရက်ဖြစ်၍ နေအပူရှိန်သည် ပျံ့လွင့်လျက်ရှိသည်။ လေကလည်းအိုက်စပ်သည်ကောင်းကင်ပြင် တွင်တိမ်ကင်းစင်ပြီးထင်လင်းတောက်ပနေသည်။ အောင်ဆန်းကစားပြိုင်ဝင်းအတွင်းရှိ ချော်မှုန့်ဆမ်းထား သာ ပြေးလမ်းသည်ပူပြင်းခက်ထန်သည့်နေရောင်အောက်တွင် တံလျှပ် တဖိတ်ဖိတ်ကြွနေသည်။ သဲသောင်ပြင်လို အပူငွေ့များဟပ်လျက်ရှိသည်။ အထူးတန်းဘက်မှ လူတစ်ယောက်ထွက်လာသည်။ အညိုရောင်အားကစားဝတ်စုံကို ၀တ်ဆင်ထားပြီး လက်ဝယ်တာထွက်ခုံတစ်ခုကိုကိုင်ဆွဲကာ မီတာ ၁၀၀ တာလွှတ်နေရာသို့ ဦးတည်လှမ်းခဲ့သည်။ ရောက်တော့ တာထွက်ခုံကိုပြေးလမ်းပေါ်ချထား လိုက်သည်။ရောက်တော့ တာထွက်ခုံကို ပြေးလမ်း ပေါ်ချထားလိုက်သည်။အကြောအခြင်လျှော့ပြီး သွေးပူလေ့ကျင့်ခန်းများပြုလုပ်သည်။

ပြီးတော့ တာထွက်ခုံကို နေသားတကျပြင်ဆင်လိုက်ပြီး သုံးလေးကြိမ်မျှ စမ်းသပ်တာထွက်ကြည့်လိုက်သည်။ ပြေးလမ်းပေါ်မှ အပြေးသမားတစ်ယောက်၏ လှုပ်ရှားမှုကို အထူးတန်းပွဲကြည့်စင်ပေါ်မှမိန်းမပျိုတစ်ယောက် က မျက်ခြေမပျက်စူးစိုက်ကြည့်နေသည်။ မိန်းမပျိုသည် အရပ်အမောင်းကောင်းပြီး ကိုယ်ဟန်ပြေပြစ် ကျော့ရှင်းသည်။အပြေးသမားသည် တာထွက်ခုံကို ကန်အားပြုပြီးအထွက်တွင် ပစ်စင်မှ တွန်းထွက်လာသော ဒုံးပျံကဲ့သို့အဟုန်ပြင်းလှသည် သူ့ခြေလှမ်းများမှာ လည်း ကွင်းလဟာပြင်ဝယ် ခြေကုန်ပြေးနေသော ငှက်ကုလားအုပ်ကဲ့သို့ သွက်မြန်လှသည်။ တာလွှတ်ရာမှပြေးလမ်းအဆုံးအ ထိ သုံးလေးကြိမ်ပြေးပြီးရပ်လိုက်တော့သည်။ တာထွက်ခုံကို ပြန်နုတ်ယူပြီး လာလမ်းအတိုင်း အထူးတန်းသို့ ပြန်ဝင်သွားတော့သည်။

အထူးတန်းပေါ်မှကြည့်နေသော မိန်းမပျိုလည်း လှေခါးထစ်များကို တလှမ်းချင်းလှမ်းကာ အောက်သို့ပြန်ဆင်းသွား တော့သည်။ အပြေးသမားကား အာရှလက်ရွေးစင် ဘောလုံးသမား မြန်မာ့ဘောလုံးအကျော်အမော် ဗဟာဒူးဖြစ်ပြီး မိန်းမပျိုမှာ ကြင်ဖက်ဖြစ်သောခင်သန်းမြင့်ဖြစ်သည်။ ထိုစဉ်က သူတို့ဇနီးမောင်နှံသည် ချစ်စ ကြင်စပျားရည်ဆမ်းပျော်မြူးချိန်ကာလဖြစ်သည်။ထိုသို့သောကြင်စဦးကာလတွင် ပျံ့လွင်လျက်ရှိသောအပူရှိန်ဝယ် တံလျှက်တဖိတ်ဖိတ်ကြွနေသည့်ပြေးလမ်းပေါ်တွင်အပြေးကျင့် နေသူ ခင်ပွန်းသည်အား ဇနီးဖြစ်သူက မျက်စိအောက်အပျောက်မခံဘဲ ကြည့်ရှုနေခြင်းဖြစ်သည်။

”အခုလို အပူရှိန်ပြင်းလွန်းလှတဲ့ နေမွန်းတည့် အချိန်မျိုးမှာမှ ဘာကြောင့် အပြေးကျင့်ရတာတဲ့လဲ“ လူချင်းခင်မင်ရင်းနှီးလာခဲ့ကြသော တနေ့တွင် ကျနော်က ဗဟာဒူးကိုမေးစမ်းကြည့်မိသည်။ သူ့ဇနီး ခင်သန်းမြင့်လည်း အနီးတွင်ရှိရာဗဟာဒူးသည် ဇနီးဖြစ်သူကို တလှည့်၊ကျနော်ကို တခါကြည့်ပြီး မတောက်မပပြုံးလိုက်သည်။ခင်သန်းမြင့်ကမူ အမှတ်ထင်ထင်သတိရမှုကို အံ့သြနေသည်။ ”သဘောကတော့ ကျနော်တို့ပြေးပွဲတွေကို အခုလို အချိန်မျိုးမှ ပြုလုပ်တတ်တာမဟုတ်လား။ဒါကြောင့် အပူရှိန် လေတိုက်နှုန်းနဲ့ကိုက်ညီပြီး ကျင့်သားရအောင် ဒီအချန်မျိုးမှာ ကျင့်ခဲ့တာပါဘဲ” ကျနော်မှာသူ့အဖြေကို စိတ်အထာ မကျလှသော်လည်း ခိုင်းနှိုင်းချက်ကအခြေအနေနှင့်ကိုက်ညီ နေ၍အတွန့်မတက်ဘဲ နေလိုက်သည်။

သူ၏ ကျင့်စဉ်ဘဲမှန်၍လား။ခြေစွမ်းပင် ထက်၍လားမသိ။ ဗဟာဒူးသည် မြန်မာ့အပြေးလမ်းကြောင်းတွင် အမြန်ဆုံး အပြေးသမားအဖြစ် စာရင်းဝင်နေပြီး မီတာ ၁၀၀ ကို ၁၁ စက္ကန့်ရအောင် ပြေးနိုင်စွမ်းရှိနေသည်။

“ကျွန်တော်နဲ့ ရှမ်းပြည်နယ်ဂိုးသမား ဘားဗဟာဒူးတို့ဟာ တပ်စိတ်တစ်ခုတည်းပဲ။ အဲဒီတုန်းက ကျွန်တော်က အသက်ကလည်းငယ်သေးတော့ သေရမှာလည်း မကြောက်ဘူးလေ။ ကျွန်တော်တို့နှစ်ယောက် အတင့်ရဲလွန်းလို့ ဗိုလ်ကြီးက ဆူတာကို မကြာခဏခံနေရတယ်” ဟု ဗဟာဒူးက သူ့စစ်ရေးအတွေ့အကြုံကို အားပါးတရပြောရာ ဇနီးဖြစ်သူ ခင်သန်းမြင့်က ထိတ်လန့်အံ့သြစွာ နားထောင်နေရှာသည်။ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတစ်စောင်မှ အားကစားသတင်းများ အားဖတ်ပြကာ ကောက်ချက်ချပြနေ သည်။“ဗဟာဒူးကမဆိုးပါလား အင်္ဂလိပ်သတင်းစာတောင် ကောင်းကောင်းဖတ်နိုင်သားပဲ” ဗဟိုသိမ်းဆောင်၏ အာရှဘောလုံးနှင့်မြန်မာ့ကြယ်ပွင့်များစာအုပ်မှ ရာစုခေတ်တွင်တစ်ယောက် ဆောင်းပါးပါ စာသားအချို့ကိုကောက်နှုတ်ပါသည်။

”နောင်တစ်ခုက သူက သူအပြေးကျင့်တာကို လူမြင်မှာ သိပ်ကြောက်တာဘဲ။ပရိသတ်အကြားမှာ အောင်မြင်ကျော်ကြားလာတဲ့ နာမည်ကျော်ဘောလုံးသမား တယောက်ဖြစ်ပေမဲ့ ရှက်စိတ်ကအကြီးသား။ရုပ်ရှင်ကြည့်တာတောင်ဘယ်တော့မှ ရုပ်ရှင်မပြခင် ရုံထဲဝင်မထိုင်ဘူး။ရုပ်ရှင်ပြလို့ အတော်ကြာကာမှ ရုံထဲဝင်လေ့ရှိတယ်” ခင်သန်းမြင့်က ခင်ပွန်းသည်၏ အမူအကျင့်ကလေးများကို ဖော်လှစ်လာသည်။ဗဟာဒူးသည် ရှက်စိတ်ကြောင့်မျက်နှာ ရဲကနဲဖြစ်သွားပြီးဇနီးဖြစ်သူ ခင်သန်းမြင့်ကို မျက်စိသုန်စွာ ကြည့်လိုက်သည်။ ခင်သန်းမြင့်ကတော့ ပြုံးရယ်လျက်သာရှိသည်။

”ကျနော်က နာမည်ကျော်ဘောလုံးသမား ဖြစ်ပေမဲ့ ရုပ်ရှင်ကျတော့သိပ်ဝါသနာပါတာဘဲ။ကားသစ်လဲတိုင်း ကောင်းကောင်းမကောင်းကောင်းကြည့်ချင်လိုက်တာ ။ဒီတုန်းက ကျနော်က တပ်ြကပ်ကြီးအဆင့်မှာဘဲ ရှိသေးတယ်။ကျနော်လခနဲ့ အထူးတန်းမှာချည်း အမြဲဘယ်ကြည့်နိုင်ပါမလဲ။ဒီတော့တစ်ကျပ်ခွဲတန်း ကဘဲကြည့်ရတယ်လေ။ ကျနော်ရုံထဲ ၀င်သွားရင် လူတွေက ကျနော့်ကို ၀ိုင်းပြီးကြည့်ကြတယ်။ နာမည်ကျော်လက်ရွေးစင်ဘောလုံးသမားကြီးဖြစ်ရက်နဲ့ ဒီအတန်မှာ လာကြည့်ရသလား ဆိုတဲ့ သဘောနဲ့ပေါ့။ဒါကြောင့် လူအမြင်မခံရအောင် မှောင်ချပြီး ရုပ်ရှင်ပြနေချိန်ရောက်တော့မှ အမှောင်ရိပ်ခိုလို့ ရုံထဲဝင်ခဲ့တာချည်းဘဲ” ဗဟာဒူး ၏ စကားဆုံးအတွင် ကျနော်ရော ခင်သန်းမြင့်ပါ မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ပစ်လိုက်ကြတော့သည်။

အမှန်မှာ ထိုခေတ်က ဘောလုံးသမားများကို စက်ရုပ်သဘွယ် စေခိုင်းခြင်းမှလွဲ ပြီး လူနေမှုဘ၀ အထောက်အကူနှင့် အာမခံချက်ပေးစွမ်းကြခြင်းမရှိ။ဘောလုံးသမားများကလည်းအသိတရားမရှိကြဘဲ ၀တ်ကြေတန်းကြေသာ ကစားကြမည်မဟုတ်လား။ တနေ့တွင်ကျနော်သည် ဘောလုံးအဖွဲ့ချုပ်ရုံးခန်းအတွင်းဝင်ရောက်သွားသည်။ ခင်သန်းမြင့်၏ လက်နှိပ်စက်သံသည် အဆက်မပြတ်ထွက်ပေါ်နေသည်။ ဗဟာဒူးအား ခင်သန်းမြင့်၏အနီးတွင် အင်္ဂလိပ်သတင်းစာတစောင်ကို ထိုင်ဖတ်နေသည်။ဗဟာဒူးသည် သူ့ချစ်ဇနီးအား အင်္ဂလိပ်သတင်းစာတွင်ပါရှိသော အားကစားသတင်းများကို ဖတ်ပြပြီး ကောက်ချက်ချနေသည်။

”ဗဟာဒူးက မဆိုးပါဘဲလား။ အင်္ဂလိပ် သတင်းစာတောင်ကောင်းကောင်း ဖတ်နိုင်သားဘဲ” ကြိုးစားလေ့လာမှုပြုရင်းက တဆင့်ထက်တဆင့် တိုးတက်လာခဲ့ရတာပါ။သူက တန်းကုန်အောင်မသင်ခဲ့ရပေမဲ့ မဖြစ်မနေပြင်းပြတဲ့ဆန္ဒကြောင့်လဲ တကြောင်း၊ ကျမရဲ့အထောက်အကူလေးတွေကြောင့်လဲ တကြောင်းလို့ ဆိုပါတော့လေ” ဗဟာဒူးက ခင်သန်းမြင့်၏ စကားအဆုံးတွင် မလှုပ်တလှုပ်ရယ်မောလိုက်သည်။အစက အထင်သေးပြီး မျက်လုံးဝိုင်းပြူးခဲ့ရမှုတို့သည်အကြောင်းအကျိုးမှန်ကို သိရပြီးချိန်ဝယ် ပျက်ပြယ်ကင်းစင်သွားခဲ့ရတော့သည်။ သူ၏ကြိုးစားမှုကို ဖွင့်ထုတ်မချီးကျူးလိုက်မိသော်လည်းစိတ်ထဲကတော့ကျိတ်၍ ချီးကျူးလိုက်မိသည်။

ဗဟာဒူးသည် ၁၉၇၀ ပြည့်နှစ်က ဟန်ဂေရီနိုင်ငံသို့တင်ထွန်း(စတိုင်လ်)နှင့်အတူ ဘောလုံးပညာသွားသင်ပြီး ဘောလုံးပညာဒီပလိုမာရရှိခဲ့ပါသည်။

မြန်မာ့ဂန္တဝင်တိုက်စစ်မှူးဗဟာဒူး၏ ဘဝနေဝင်ချိန်(သေဆုံးချိန်) ရက်စွဲကား ၁၉.၈.၂၀၀၁ ခုနှစ် ဖြစ်ပြီး ယခု ၂၀၁၉ ခုနှစ်ဆိုလျှင် ၁၈ နှစ်တိုင်ခဲ့ပြီဖြစ်ပါသည်။ ကောင်းရာသုဂတိရောက်ပါစေ

ပြီးပါပြီ…..

#MyanmarSportHistory #MyanmarLegendPlayer page တို့ကို လေးစားစွာ Credit ပေးပါသည်

#SukBahadur

error: Content is protected !!