ဆိုးသွမ်းနေသော ခွေးလေခွေးလွင့်များကို တွေ့ရှိသတင်းပေးပါက ရှင်းလင်းသုတ်သင်ပေးမည်

ခွေးလေခွေးလွင့်များထဲတွင် လူကိုအန္တရာယ်ပြုသည့်ခွေးဆိုးများကို ရပ်ကွက်နေပြည်သူများက သတင်းပေးတိုင်ကြာားလာပါက ရှင်းလင်းသုတ်သင်မှုများပြုလုပ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနကသိရသည်။

ခွေးဆိုးသတင်းနှင့်ပတ်သက်၍ တင်ပြတောင်းဆိုလာသောစာများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတဆင့် မှန်မမှန် ဦးစွာ စိစစ်ကြောင်း အဆိုပါဌာနမှ ဌာနမှူးဦးလှမျိုးက ပြောသည်။

“အရမ်းဆိုးတဲ့ခွေးတွေ၊ လူတွေကိုလိုက်ကိုက်တယ်၊ ရန်မူတယ်ဆိုရင်တော့ ကျွန်တော်တို့ဆီကို စာတင်တာတွေရှိတယ်။ အဲဒီလိုတင်လာရင် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ဆက်သွယ်တယ်။ သူတို့တင်ပြချက် မှန်မမှန်ကြည့်တယ်။ မှန်တယ်ဆို ရှင်းလင်းသုတ်သင်တယ်”ဟု ၎င်းကပြောသည်။

ခွေးလေခွေးလွင့်များမှာ အလွန်များပြားလာပြီး တခြားနည်းလမ်းများဖြင့် ထိန်းချုပ်ရန် မလွယ်ကူသည့်အတွက် ရှင်းလင်းသည့် နည်းလမ်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ အသုံးပြုမည့်နည်းလမ်းကို အပြီးသတ်မဆုံးဖြတ်ရသေးကြောင်း စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားထားသည်။

မန္တလေးမြို့တွင် ခွေးလေခွေးလွင့် အကောင်ရေ တစ်သိန်းဝန်းကျင်ထိရှိကြောင်း မန္တလေးမြို့တော်စည်ပင်က ခန့်မှန်းထားပြီး ၂၀၁၈ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ခွေးကိုက်ခံရသည့် ပြင်ပလူနာ ၅၆၉၀ ဦးနှင့် ၂၀၁၉ ပထမ ၃ လအတွင်း လူနာ ၁၂၂၈ ဦးရှိကြောင်း သိရသည်။

ခွေးလေခွေးလွင့်များရှင်းလင်းရာတွင် ရှင်းလင်းလိုသည့်ရပ်ကွက်များမှ စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနသို့ ဆက်သွယ်၍ တောင်းဆိုနိုင်ပြီး တောင်းဆိုလာသည့် ရပ်ကွက်များကို ဦးစားပေးရှင်းလင်းသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန်ဦးရဲလွင်က ပြောကြားထားသည်။

လင်းထက်(မန္တလေး)

error: Content is protected !!