ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်း

အောင်ငြိမ်းချမ်း / Myanmar Now

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းမှာ ယနေ့နံနက်က ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ကာ သတ်သေသွားသည်ဟု ပုသိမ်ကြီးမြို့နယ် ရဲစခန်းထံမှသိရသည်။

အထက်အရာရှိများကို သတင်းပို့ချိန်တွင် မပို့သည့်အတွက် ရဲအရာရှိတချို့က ၄င်းနေထိုင်ရာ နေအိမ်လိုင်းခန်းသို့ ယနေ့နံနက် ၇နာရီခွဲတွင် သွားရောက်ကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

ရဲမှူးမှာ ယနေ့နံနက် ၂ နာရီခန့်က နေအိမ်လိုင်းခန်းတွင် တစ်ယောက်တည်းရှိနေစဉ် သေနတ်ကို ပါးစပ်တွင်တေ့၍ ပစ်ခြင်းဖြစ်နိုင်ကြောင်း၊ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးရဲစခန်းမှ ဒုတပ်ကြပ် လှခိုင်က Myanmar Now ကိုပြောသည်။

“ အခုလောလောဆယ်တော့ အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲပါ ” ဟု ၎င်းက ပြောသည်။

ရဲမှူးမျိုးညွန့်သန်းတွင် ဇနီးတစ်ယောက်နှင့် သားသမီး ၂ ဦးကျန်ခဲ့သည်။
လတ်တလောတွင် သေဆုံးသူ၏ အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရဲစခန်းမှ သိရသည်။

ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now

error: Content is protected !!