စစ်တပ်က မြေသိမ်းမှုများကို ဒေါ်အောင်ဆန်းစုကြည်ထံ တိုင်ကြားခဲ့သူများ တရားစွဲခံရ

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ဧပြီလ ၂ ရက်နေ့ ဧရာဝတီတိုင်း မအူပင်မြို့တွင် ပြုလုပ်ခဲ့သော လူထုတွေ့ဆုံပွဲ၌ မြေယာကိစ္စ တိုင်ကြားခဲ့သူ မလက်တိုရွာနေ အသက် ၃၃ နှစ်ရှိသော မစိန်စိန်စိုးကို အော့ချက်ကုမ္ပဏီက အမှုဖွင့်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ်တွင်လည်း တပ်မတော်၏ မြေသိမ်း တရားစွဲမှုကို တိုင်ကြားခဲ့သူကို တပ်မတော်က တရားစွဲဆိုထားရာ ယခုဖြစ်စဉ်မှာ မြေသိမ်းမှုကို နိုင်ငံတော် အတိုင်ပင်ခံထံ တိုင်ကြားသဖြင့် ဒုတိယမြောက် အမှုဖွင့်ခံရခြင်းဖြစ်သည်။

မစိန်စိန်စိုးကို အော့ချက်ကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဒေါက်တာမြင့်စိန်က အသရေညှိုးနွမ်းစေမှုဖြင့် မလက်တိုရဲနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း မလက်တို နယ်မြေရဲစခန်းမှ ရဲမှူးက ဇွန်လ ၁၂ ရက်နေ့တွင် အကြောင်းကြားထားကြောင်း မစိန်စိန်စိုးက ပြောသည်။

မလက်တိုရဲစခန်းတွင် ရဲစစ်ချက်ယူပြီးနောက် ဒေါက်တာမြင့်စိန်၏ တိုင်ကြားစာနှင့် မိမိ၏ ထွက်ဆိုချက်များကို ပေါင်းပြီး တရားရုံးတင်မည်ဖြစ်ကြောင်း ရဲမှူးထံမှ သိရသည်ဟု ၎င်းက ပြောသည်။

“အမေစု လာတုန်းက ရှင်းလင်းပြောကြားထားတဲ့ကိစ္စရယ် သတင်းစာရှင်းလင်းပွဲလုပ်တဲ့ကိစ္စရယ်ကြောင့် ဒေါက်တာမြင့်စိန်ရဲ့ ဂုဏ်အသရေညှိုးနွမ်းစေတယ်ဆိုပြီး အမှုဖွင့်ခံရတာ”ဟု ၎င်းက ပြောဆိုသည်။

မစိန်စိန်စိုးကို အမှုဖွင့်ထားသည်မှာ ဟုတ်မှန်ကြောင်း မလက်တို နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးစိုးရာဇာက Myanmar Now ကို အတည်ပြုပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ အမှုဖွင့်ထားသည့် ဒေါက်တာမြင့်စိန်အား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ၎င်းက အထက်ပါကိစ္စများနှင့်ပတ်သက်၍ ပြောစရာများစွာရှိကြောင်း ဖုန်းဖြင့်ပြောဆို၍ မရကြောင်း ပြန်လည်ပြောဆိုသည်​။

မလက်တိုရွာသားများ၏ လယ်ယာမြေအသိမ်းခံရသည့် ကိစ္စနှင့်ပတ်သက်၍ ဧပြီလ ၂ ရက်နေ့တွင် ကျင်းပခဲ့သော နိုင်ငံတော်အတိုင်ပင်ခံ၏ လူထုတွေ့ဆုံပွဲတွင် တင်ပြခဲ့ရာ ကွင်းဆင်းစစ်ဆေးပြီး ဥပဒေနှင့်အညီ ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံက ဧရာဝတီတိုင်း အစိုးရအဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း၊ သို့သော်လည်း ယနေ့အချိန်ထိ တိုင်းအစိုးရအဖွဲ့မှ လယ်ယာမြေကိစ္စ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် အမြန်ဆုံး ဖြေရှင်းပေးရန် ဇွန်လ ၆ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း ၎င်းက ပြောသည်။

“ဒေသခံဖြစ်စဉ်တွေ ဒေသခံတွေရဲ့ စကားတွေကို ကျွန်မက အမေစုကို ရှင်းပြတာပါ။ အမေစုကလည်း မှာထားခဲ့တယ်။ တိုင်းအစိုးရတွေရော မြို့နယ်တွေကိုရော ဒီကိစ္စကို သေသေချာချာ စစ်ပေးပါ။ အမေစုက သေသေချာချာ မှာထားခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသော အော့ချက်ကုမ္ပဏီမှ ရွာသားများ၏ မြေယာများကို သိမ်းဆည်းခဲ့သည် ဟုဆိုကာ လယ်သမားများက မကျေနပ်ဘဲ ဆန္ဒပြ ကန့်ကွက်နေခြင်းဖြစ်သည်။

ယင်းသို့ပင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တပ်မတော်၏ မြေသိမ်း တရားစွဲမှုကို တိုင်ကြားခဲ့သည့် မြိတ်မြို့ ရွာသစ်ကျေးရွာမှ အသက်၂၆ နှစ်အရွယ် ကိုမျိုးသူနိုင်ကို တပ်မတော်က ဂုဏ်သိက္ခာ ညိုးနွှမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုထားမှုကြောင့် မြိတ်မြို့နယ်တရားရုံးတွင် မေလ ၉ ရက်နေ့မှ စတင်ကာ တရားရင်ဆိုင်နေရသည်။

ယခင္သတင္း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မြိတ်လူထုတွေ့ဆုံပွဲခရီးစဉ်တွင် တပ်မတော်၏ မြေသိမ်း တရားစွဲမှုကို တိုင်ကြားခဲ့သည့် မြိတ်မြို့ ရွာသစ်ကျေးရွာမှ အသက်၂၆ နှစ်အရွယ် ကိုမျိုးသူနိုင်ကို တပ်မတော်က ဂုဏ်သိက္ခာ ညိုးနွှမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်။

ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၃၇မှ ဗိုလ်ကြီး စိုးသင်းနိုင်က တရားလိုပြုလုပ်ပြီး တပ်မတော်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ကိုမျိုးသူနိုင်ကို တရားစွဲဆိုထားပြီး မြိတ်မြို့နယ်တရားရုံးတွင် မေလ ၉ ရက်နေ့မှ စတင်ကာ တရားရင်ဆိုင်နေရကြောင်း တရားစွဲဆိုခံရသူ ကိုမျိုးသူနိုင်က ပြောဆိုသည်။

“ပြသနာတစ်ခုကို ဖြေရှင်းပေးနိုင်မယ့် လူကြီး တစ်ယောက်ကို တင်ပြတာပေါ့ဗျာ။ ဥပဒေနဲ့ ညီတဲ့ ကာကွယ်မှုကို ကျွန်တော်က လိုချင်တာပေါ့ဗျာ” ၎င်းက ပြောသည်။

မြိတ်မြို့ ရွာသစ်ကျေးရွာ အနီးရှိ ၎င်းပိုင်ဆိုင်သည့် မြေဧက ၁ဒသမ၉၂ ဧက ကျယ်ဝန်းသည့် နေအိမ်နှင့် ဝက်မွေးမြူရေးခြံကို ထောက်ပံ့ပို့ဆောင်ရေးတပ်ရင်း ၉၃၇ က ၂၀၁၇ ခုနှစ်တွင် တပ်ပိုင်မြေအဖြစ် ကြေညာခဲ့ပြီး ထိုနေရာမှ ဖယ်ရှားပေးရန် ၎င်းတို့ မိသားစုကို တောင်းဆိုခဲ့သည်။

နေအိမ် မဖယ်ပေးသည့် အတွက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် ရာဇသတ်ကြီးပုဒ်မ ၄၂၇ အကျိုးစီးပွားဖျက်ဆီးမှု၊ ပုဒ်မ ၄၄၇ ကျူးကျော်ဝင်ရောက်မှုတို့ဖြင့် ကိုမျိုးသူနိုင်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တပ်မတော်၏ မြေသိမ်းတရားစွဲဆိုမှုကို ကိုမျိုးသူနိုင်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြိတ်ခရီးစဉ် လူထုတွေ့ဆုံပွဲတွင် တိုင်ကြားခဲ့ရာမှ တပ်မတော်က ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀)ဖြင့် ထပ်မံ တရားစွဲဆိုခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး သန့်ဇင်ဦးကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ရွာသစ်ကျေးရွာအနီးတွင်ရှိသည့် အမှတ် ၉၃၇ ထောက်ပံ့ပို့ဆောင်ရေးတပ်ပိုင် ၁၈၃ဒသမ၇၆ ဧက မြေပေါ်တွင် ကိုမျိုးသူနိုင်၏နေအိမ် ရှိနေ၍ ဖယ်ရှားပေးရန် စေခိုင်းခဲ့ပြီး မဖယ်ရှားပေးသောကြောင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း ကိုမျိုးသူနိုင်က မဖယ်ပေးဘဲ တရားရင်ဆိုင်နေခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံနှင့်တွေ့ဆုံပွဲတွင် တပ်က မတရား မြေသိမ်းပြီး တရားစွဲဆိုသည့်သဘော ပြောဆိုနေသဖြင့် တပ်မတော်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းစေမှု ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုရခြင်းဖြစ်ကြောင်းပြောသည်။

“တပ်က သိမ်းပါတယ်ဆိုပြီး ဖြစ်တဲ့အတွက်ကြောင့် တပ်ရဲ့Image ကို ထိခိုက်တဲ့အတွက် ခုနက ပြောတဲ့ ပုဒ်မနဲ့ ထပ်ပြီးတော့ တရားစွဲဆို အမှုဖွင့် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

သို့သော် တပ်နှင့်မြေယာ အငြင်းပွားမှုဖြစ်နေပြီး တရားစွဲဆိုခံထားရသူ ကိုမျိုးသူနိုင်က ထိုမြေနေရာတွင် ၎င်းတို့ မိသားစု နေထိုင်လာခဲ့သည်မှာ ၎င်းတစ်သက်(၂၆) နှစ် ရှိနေပြီဖြစ်ပြီး ၎င်းပိုင်ဆိုင်သည့် ခြံ၏ဘေးတွင် ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၃၇က စိုက်ထားသည့် ကျောက်တိုင်လည်းရှိကြောင်း ပြောသည်။

ဒေသခံများနှင့် တပ်မတော်တို့ မြေယာအငြင်းပွားမှုများမှာ မြန်မာနိုင်ငံ နေရာ အတော်များများတွင် ဖြစ်ပေါ်လျက်ရှိပြီး ၂၁၀၈ သြဂုတ်လအတွင်းကလည်း မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းရှိ အမှတ် ၃၀၂၇ လေကြောင်းရန်ကာကွယ်ရေး တပ်ရင်း၏ တပ်ပိုင်မြေတွင် ခံလူးကျေးရွာမှ ဒေသခံများ လူနေအိမ်များ ဆောက်လုပ်၍ ကျူးကျော် နေထိုင်သည် ဟုဆိုကာ ဒေသခံ ၂၂ဦးကို တပ်မတော်က တရားစွဲဆိုထားသည်။

Myanmar Now

(“မဟာ ခေတ်သစ်မီဒီယာ” Maharmedianews” သည် Myanmar Now သတင်းဌာန၏ သတင်းများကို နေ့စဉ်ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါသည်။)

error: Content is protected !!