ဖမ်းဆီးခံရမှု အချို့ရှိပြီးနောက် ဦးဝီရသူကို ထောက်ခံသူများက ဆုတောင်းပွဲကို ခေါင်းစဉ်ပြောင်းပြီး ပြုလုပ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံရပြီး ဝရမ်းပြေးဖြစ်နေသည့် ဦးဝီရသူအား ထောက်ခံသူများသည် ယနေ့ ဇွန် ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားတွင် ဆုတောင်းမှုထပ်မံပြုလုပ်ခဲ့သည်။

ယနေ့ ဆုတောင်းပွဲကို လိုက်ထရပ်ကား ၉ စီးခန့်လာရောက်ခဲ့ပြီး ယခင်နေ့များတွင် ဦးဆောင်ပြုလုပ်သည့် သံဃာနှင့်လူပေါင်း ၁၀၀ ခန့် က ဆုတောင်းဝတ်ပြုခဲ့ကြသည်။

ဗိုလ်တထောင်စေတီတော်ရင်ပြင်တွင် မေတ္တာသုတ်ရွတ်ဖတ်ခဲ့ပြီး ဗုဒ္ဓသာသနာနှင့် သံဃာတော်များ ဖိနှိပ်ချုပ်ခြယ်ခံရခြင်းမှ ကင်းဝေးကြပါစေ ဟု သံပြိုင်ရွတ်ဆိုခဲ့ကြသည်။

သံဃာတော်များ ဖိနှိပ်ချုပ်ခြယ် ခံနေရသည်ဆိုသော အချက်နှင့် ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက

“ဒါက တော့ ရှင်းပါတယ် ကျွန်တော်တို့ ဖိနှိပ်ထားတာမျိုး မရှိပါဘူး”ဟု ပြန်လည်ဖြေကြားသည်။

တရားရင်ဆိုင်ခြင်း မရှိသေးဘဲ ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝီရသူကိုထောက်ခံသူများက ခေါင်းစဉ်ပြောင်း လဲကာ ‘သံဃာတော်များ ဖိနှိပ်ချုပ်ခြယ်ခံရခြင်းမှ ကင်းဝေးဖို့ နာမည်ကြီးဘုရားတွေမှာ ဆုတောင်းမေတ္တာပို့ အစီစဉ်’ ဟု ဆိုကာ ရန်ကုန်မြို့အတွင်းရှိ ဘုရားများတွင် ဆုတောင်းပွဲများ လိုက်လံပြုလုပ်နေခြင်း ဖြစ်သည်။

ဆုတောင်းပွဲများတွင် မီဒီယာများကို မဖိတ်ကြားသလို လာရောက်ဆုတောင်းသည့် လူအုပ်များကို အင်တာဗျူးရန် မေးမြန်းသည့် သတင်းထောက်များအား မေးမြန်းခြင်းမပြုရန် ဦးဆောင်သူများက လိုက်လံတားမြစ် ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲများကို ရွှေဘုန်းပွင့်စေတီတော်၊ ကျောက်တော်ကြီးဘုရား၊ ကျိုက်ခေါက် ဘုရားတို့တွင်လည်း လုပ်သွားရန် အစီအစဉ်ရှိကြောင်း ယင်းအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

Video ကြည့်ရန်

Myanmar Now

(“မဟာ ခေတ်သစ်မီဒီယာ” Maharmedianews” သည် Myanmar Now သတင်းဌာန၏ သတင်းများကို နေ့စဉ်ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါသည်။)

error: Content is protected !!