ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သည့် ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်း ၏ နောက်ဆုံးခရီး

ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းကို ယနေ့ဇွန်လ ၁၄ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ် ရေထွက်သုသာန်တွင် သဂြိုဟ်ခဲ့သည်။

၎င်းသည် ဇွန်လ ၁၂ရက်နေ့က နေအိမ်လိုင်းခန်းတွင် တစ်ယောက်တည်းရှိနေစဉ် သေနတ်ကို ပါးစပ်တွင်တေ့၍ ပစ်ခြင်းဖြစ်နိုင်ကြောင်း ပုသိမ်ကြီးရဲစခန်းမှ ဒုတပ်ကြပ် လှခိုင်က Myanmar Now ကိုအခင်းဖြစ်သည့်နေ့ ကပြောဆိုထားသည်။

အောင်သပြေကျေးရွာပဋိပက္ခတွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး အိုးဘိုထောင်အတွင်း အငြင်းပွားဖွယ် သေဆုံးသွားသည့် ကိုထွန်းမြင့်ဝင်းကိစ္စအတွက် CIDက စစ်ဆေးခံနေရသည့်အချိန်တွင် ၄င်းရဲမှူး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံမှသိရသည်။

ယခင်သတင်း

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးညွန့်သန်းမှာ ယနေ့နံနက်က ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ကာ သတ်သေသွားသည်ဟု ပုသိမ်ကြီးမြို့နယ် ရဲစခန်းထံမှသိရသည်။

အထက်အရာရှိများကို သတင်းပို့ချိန်တွင် မပို့သည့်အတွက် ရဲအရာရှိတချို့က ၄င်းနေထိုင်ရာ နေအိမ်လိုင်းခန်းသို့ ယနေ့နံနက် ၇နာရီခွဲတွင် သွားရောက်ကြည့်ရှုရာမှ သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖေါ်ပြထားသည်။

ရဲမှူးမှာ ယနေ့နံနက် ၂ နာရီခန့်က နေအိမ်လိုင်းခန်းတွင် တစ်ယောက်တည်းရှိနေစဉ် သေနတ်ကို ပါးစပ်တွင်တေ့၍ ပစ်ခြင်းဖြစ်နိုင်ကြောင်း၊ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ဒဏ်ရာရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပုသိမ်ကြီးရဲစခန်းမှ ဒုတပ်ကြပ် လှခိုင်က Myanmar Now ကိုပြောသည်။

“ အခုလောလောဆယ်တော့ အသေးစိတ်ကို ဆက်လက်စစ်ဆေးနေဆဲပါ ” ဟု ၎င်းက ပြောသည်။

ရဲမှူးမျိုးညွန့်သန်းတွင် ဇနီးတစ်ယောက်နှင့် သားသမီး ၂ ဦးကျန်ခဲ့သည်။လတ်တလောတွင် သေဆုံးသူ၏ အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ရဲစခန်းမှ သိရသည်။

ဓာတ်ပုံ – ခင်နှင်းဝေ / Myanmar Now

(“မဟာ ခေတ်သစ်မီဒီယာ” Maharmedianews” သည် Myanmar Now သတင်းဌာန၏ သတင်းများကို နေ့စဉ်ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါသည်။)

error: Content is protected !!