ရခိုင်ပြည်နယ် ကုန်ဘောင်ရွာက တမူထူးခြားသော အမျိုးအဆွေရွာလည်ခြင်းဓလေ့

မဆွေဆွေဝင်းသည် ‘ခစ်’ခနဲ တချက်ရယ်လိုက် မိ၏။ ရွာလယ်လမ်းအတိုင်း ပျော်ရွှင်စွာချီတက်လာကြသော လူအုပ်ကြီးထဲတွင် ထူးထူးခြားခြားထင်ပေါ်နေသော ကိုဇော်လင်း၏ရုပ်ပုံက သူ့အတွက် အလွန်ရယ် ချင်စရာကောင်းလွန်းနေသည်။ ပင်လယ်’ကပိုင်သား’များနှင့် မြေစိုက်ထိုးထားသော ခြံစည်းရိုးတိုင် ကလေးများကိုကိုင်ရင်း မဆွေဆွေဝင်းတယောက် ခန္ဓာကိုယ်လေးများ သိမ့်သိမ့်တုန်အောင်အထိ ရယ်မောနေမိလေသည်။

ကိုဇော်လင်းသည် အသက် ၂ဝ ဝန်းကျင်မျှသာ ရှိသေးသော လူငယ်တဦးဖြစ်၏။ မဆွေဆွေဝင်းနှင့် သက်တူရွယ်တူ ကျောင်းနေဖက် သူငယ်ချင်းများဖြစ်သည်။ သို့သော် သည်နေ့ ကိုဇော်လင်း ဝတ်ဆင် ထားသောပုံဏ္ဌာန်က အသက် ၉ဝ ကျော်အရွယ် အဘိုးကြီးတဦး၏ အဆင်အပြင်ဖြစ်၏။ တောင်ရှည်ပုဆိုးအဖြူအမည်းကွက်ကျား၊ တိုက်ပုံအင်္ကျီရင်ကြားစေ့၊ ခေါင်းပေါင်းတို့ကို ဝတ်ဆင်ထားသည်။

ပါးလယ်နားလောက်အထိ အရွယ်အစားကြီးအောင် နှုတ်ခမ်းနီနှင့်ရေးဆွဲထားသော ထူလဗျစ်နှုတ်ခမ်းကြီးနှင့် နှုတ်ခမ်းမွေးတို့ကိုကြည့်ပါက ဘီလူးမျက်နှာနှင့် တူနေသည်။ ထိုမျှမကသေးဘဲ နေကာမျက်မှန်တပ်ကာ ဆေးတံ (ရခိုင် အခေါ်-ပန်းတူ) ခဲထားသေးသဖြင့် အလွန်ပြောင်ချော်ချော် ရှိလွန်းလှ၏။ ‘ဦးရွှေရိုးပုံ ဝတ်စားထားသော ဘီလူးရုပ်’နှင့် တူနေလေသည်။

သို့သော် ထိုကဲ့သို့ ဟာသမြောက်အောင် ဝတ်စားဆင်ယင်ထားသည်မှာ ကိုဇော်လင်း တယောက်တည်းတော့ မဟုတ်ချေ။ စီတန်းလှည့်လည်လာကြသော ရွာသူရွာသား လူငယ်လူကြီးများအားလုံး တယောက်တမျိုးစီ ရယ်ရွှင်ဖွယ်ဖန်တီးဝတ်စားထားကြခြင်းဖြစ်၏။ စင်စစ် မဆွေဆွေဝင်း မြင်တွေ့နေရသော မြင်ကွင်းသည် ဇွန်လ ၁ ရက်နေ့တွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသော ‘အမျိုးအဆွေရွာလည်ပွဲ’ မြင်ကွင်းတခုပင်ဖြစ်၏။ သည်ပွဲတော်သည် မဆွေဆွေဝင်းကိုယ်တိုင် နှစ်စဉ်နှစ်တိုင်း ဆင်နွှဲလာခဲ့သော ပျော်စရာပွဲတော်တခုလည်း ဖြစ်လေသည်။

(တစ်)

ဇွန်လ ၁ ရက်နေ့နှင့် ၂ ရက်နေ့က ဖြစ်သည်။ ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်(၁) စံပြကျေးရွာတွင် အမျိုးအဆွေရွာလည်ပွဲကို နှစ်ရက်တိတိ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရခိုင်ပြည်နယ်ထဲတွင် လူမျိုးနှင့်ဆိုင်သော ဓလေ့ရိုးရာပွဲတော်များစွာရှိနေသော်လည်း ရမ်းဗြဲမြို့နယ်၊ ကုန်ဘောင်ကျေးရွာတွင် အစဉ်အဆက်မပြတ် ဆင်နွှဲလာခဲ့ကြသော ‘အမျိုးအဆွေ ရွာလည်ပွဲ’ မှာ တမူထူးခြားကာ ပျော်ရွှင်ကြည်နူးစရာကောင်းလှသော ပွဲတော်တခုဖြစ်၏။ လူအများ စိတ်ဝင်စားမှု မြင့်မားလာနေသော ပွဲတော်တခုလည်းဖြစ်သည်။ အမျိုးအဆွေရွာလည်ပွဲကို ရမ်းဗြဲမြို့နယ်တွင် ကုန်ဘောင်ကျေးရွာတရွာတည်းသာ ဆင်နွှဲခြင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းတွင် ဇွန်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ ကျင်းပလေ့ရှိကြသည်။

ကုန်ဘောင်ကျေးရွာသည် ရှေးကျသော ရခိုင်သမိုင်းခေတ်များက အိမ်ထောင်စုငယ်ကလေးများ ဟိုတစုသည်တစု တကွဲတပြားစီနေထိုင်ခဲ့ ကြသော အရပ်ဒေသတခုဖြစ်ကြောင်း ဆိုသည်။ နောက်ပိုင်းတွင် တကွဲ တပြားစီအုပ်စုဖွဲ့နေထိုင်ကြသော အိမ်ခြေစုငယ်ကလေးများအချင်းချင်း ကူးပေါင်းဆက်ဆံမှုရှိလာကာ ကျေးရွာကြီးတခုအဖြစ် စုပေါင်းနေထိုင် ကြရာမှ ‘ကူးပေါင်းကျေးရွာ’ဟု အမည်တွင်လာခဲ့ကြောင်း ဒေသခံများ ကဆိုသည်။ ထိုမှတဆင့် စကားသံပြောင်းလဲလာခဲ့ပြီး ‘ကုန်ဘောင်ရွာ’ ဟု အမည်တွင်လာခဲ့ကြောင်း ဆိုကြသည်။

‘အမျိုးအဆွေရွာလည်ပွဲ’ ပေါ်ပေါက်လာခဲ့ခြင်းမှာ ကူးပေါင်းရွာ (သို့မဟုတ်) ကုန်ဘောင်ရွာဟုအမည်မတွင်မီ အုပ်စုဖွဲ့နေခဲ့ချိန်မှ စတင်ကြောင်းဆိုသည်။ ထိုစဉ်အချိန်မှပင် တကွဲတပြားနေထိုင်ကြသော နေအိမ်အုပ်စုများ သည် တအိမ်ကိုတအိမ် လှည့်လည်သတင်းမေးကြသော ဓလေ့ရှိခဲ့ကြောင်းနှင့် နောင်အခါတွင် အစဉ်အလာတခုဖြစ်လာခဲ့ကြောင်း ဆိုသည်။

လက်ရှိကုန်ဘောင် စံပြကျေးရွာသည် ရမ်းဗြဲမြို့၏ အနောက်ဘက်၊ မြို့နှင့် ၆ မိုင်ခန့်မျှဝေးကွာသော နေရာတွင်ရှိသည်။ ရမ်းပေါက်တိုက် နယ်ထဲတွင်ပါဝင်၏။ ရမ်းပေါက်တိုက်နယ်ထဲတွင် ကျေးရွာအုပ်စု (၆ အုပ်စု)ရှိပြီး ထိုအထဲတွင် ကုန်ဘောင်ကျေးရွာလည်း ပါဝင်သည်။ သို့သော် ကုန်ဘောင်ရွာသည် တရွာတည်းနှင့် တအုပ်စုရှိသော ကျေးရွာကြီး တရွာဖြစ်၏။ ကုန်ဘောင်ကျေးရွာတွင် လူဦးရေ ၁ဝဝဝ ရှိပြီး ကျေးရွာကို ရွာတောင်ပိုင်းနှင့် ရွာမြောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ကျေးရွာတွင် အထက်တန်း စာသင်ကျောင်း တကျောင်းရှိသည်။

(နှစ်)

”အမျိုးအဆွေ ရွာလည်ပွဲကို နှစ်စဉ်နှစ်တိုင်းမှာ ဇွန်လ ၁ ရက် နေ့နဲ့ ၂ ရက်နေ့တွေမှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်ရဲ့ရည်ရွယ်ချက်ကတော့ လယ်ယာလုပ်ငန်းခွင်ကိုမဝင်ခင် မိုးဦးကျရာသီမှာ ဆွေမျိုးသားချင်းတွေကို သတင်းမေးကြတဲ့ ဓလေ့တခုပါပဲ။ ဒီအစဉ်အလာက ကျွန်မတို့ရဲ့ ရှေးဘိုးဘေးဘီဘင် အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာတဲ့ ဓလေ့ရိုးရာတခုပါ။ ပြီးတော့ ယဉ်ကျေးမှုအပိုင်းက ကြည့်မယ်ဆိုရင်လည်း တမူထူးခြားကွဲပြားတဲ့ ယဉ်ကျေးမှုတခုပေါ့။ ဒီအမျိုး အဆွေရွာလည်ပွဲထဲမှာ ဆင်ယင်ထုံးဖွဲ့မှု အနုပညာပါတယ်။ ဟာသ ဥာဏ်နဲ့ တဖက်သားကို ပျော်ရွှင်ရယ်မောစေလိုတဲ့ စိတ်စေတနာပါတယ်။ ပြီးတော့ တဦးကိုတဦး သတင်းမေးတယ်ဆိုတာ ကောင်းမွန်တဲ့လက္ခဏာဖြစ်တဲ့အတွက် ဒီရိုးရာဓလေ့ဟာ ချစ်စရာကောင်းတဲ့ ဓလေ့တခုလို့ ဆိုနိုင်ပါတယ်”

ကုန်ဘောင်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းဆရာမဒေါ်တင်ဥမ္မာထွန်း ပြောပြသောစကားများပင် ဖြစ်သည်။ ဆရာမဒေါ်ဥမ္မာထွန်းသည် ရမ်းပေါက်တိုက်နယ်တွင် ဖွင့်လှစ်ထားသော ‘ထာဝရမေတ္တာ ရှင် လူမှုကယ်ဆယ်ရေးအသင်း’၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတဦးဖြစ်ကာ ပရဟိတလုပ်ငန်းများကို တတ်စွမ်းသမျှ လုပ်ကိုင်နေသူတဦးလည်း ဖြစ်သည်။

ရမ်းဗြဲမြို့၊ ကုန်ဘောင်ကျေးရွာမှ တမူထူးခြားသော ‘အမျိုးအဆွေ ရွာလည်ပွဲ’ကို ရခိုင်လူမျိုးတို့၏ယဉ်ကျေးမှုရိုးရာ တခုအဖြစ်သတ်မှတ်ကာ မပျောက်ပျက်၊ မတိမ်ကောအောင် ထိန်းသိမ်းပေးရန်လိုအပ်ကြောင်းလည်း ဆရာမဒေါ်ဥမ္မာထွန်းက ဆိုသည်။ လွန်ခဲ့သော ၂ဝ၁၈ ခုနှစ်တွင် ကျင်းပခဲ့သော အမျိုးအဆွေရွာလည်ပွဲကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်လွင်နှင့်အဖွဲ့ တက်ရောက်ကာ ဆုငွေချီးမြှင့်ခြင်းများရှိခဲ့ကြောင်းလည်း သူကဆိုသည်။

(သုံး)

”ဦးကြီးတို့ကိုယ်တိုင်လည်း အမျိုးအဆွေရွာလည်ပွဲကို တက်ရောက်တာရှိပါတယ်။ ဦးကြီးဆိုရင် ကုန်ဘောင်အထက်တန်းကျောင်းက ဆယ်တန်းအောင်ခဲ့သူတဦးပါ။ အမျိုးအဆွေရွာလည်ပွဲကိုသွားရင် မိတ်ဟောင်းဆွေဟောင်းတွေနဲ့လည်းတွေ့ ဖြစ်တယ်။ ပျော်စရာလည်းကောင်းတယ်။ ဆွေမျိုးသားချင်းတွေက တဦးကိုတဦး သတင်းမေးကြတယ်ဆိုတာ ကောင်းမွန်တဲ့ ဓလေ့တခုပါပဲ။ ဦးကြီးတို့ အဲဒီပွဲကို သွားလည်ရင်လည်း ကိုယ်နိုင်ရာနိုင်ရာ လက်ဆောင်တွေတော့ ယူသွားကြတာပါပဲ”

ရမ်းဗြဲမြို့ အမှတ်(၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးသန်းမောင်ဦး ပြောပြသောစကားများပင် ဖြစ်သည်။ အမျိုး အဆွေရွာလည်ပွဲကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ရေးနှင့် ပိုမိုတိုး တက်ကောင်းမွန်အောင် ဖော်ထုတ်နိုင်ရေးအတွက် လွှတ်တော်ပိုင်းမှတင်ပြရန်နှင့် ကူညီထောက်ပံ့ရန် အစီအစဉ်မရှိကြောင်းလည်း သူက ဆိုသည်။ သို့သော် အမျိုးအဆွေရွာလည်ပွဲသည် ကုန်ဘောင်ကျေးရွာ၏ ယဉ်ကျေး မှုအစဉ်အလာတခုအဖြစ် အစဉ်အမြဲ တည်တံ့နေနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း သူက ဆိုသည်။

”ကုန်ဘောင်ကျေးရွာမှာ တောင်ပိုင်းနဲ့မြောက်ပိုင်း နှစ်ပိုင်းရှိတော့ အမျိုးအဆွေရွာလည်ပွဲကို နှစ်ရက်လုပ်ကြ ရပါတယ်။ ဇွန်လ ၁ ရက်နေ့ကတော့ တောင်ပိုင်းက မြောက်ပိုင်းကို လာလည်တဲ့နေ့ပါ။ ဇွန်လ ၂ ရက်နေ့ကတော့ မြောက်ပိုင်းက တောင်ပိုင်းကိုပြန်ပြီး သွားလည်တဲ့နေ့ပါ။ ထူးခြားပြီးတော့ ဟာသမြောက်တဲ့ ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ သွားလည်ကြတာပါ၊ ပျော်စရာ သိပ်ကောင်းပါတယ်”

အမျိုးအဆွေရွာလည်ပွဲကို ကိုယ်တိုင်ဝင်ရောက် ဆင်နွှဲခဲ့သူ ရမ်းဗြဲမြို့ အမှတ်(၁) ရပ်ကွက် သာယာကုန်းရွာမှ မဇာဇာဝင်းပြောပြသော စကားများပင်ဖြစ်သည်။ သူသည် ကုန်းဘောင်ရွာတွင် ကျောင်းတက်ခဲ့သူတဦးလည်း ဖြစ်သည်။ အမျိုးအဆွေပွဲသို့ ဝင်ရောက်ဆင်နွှဲကြသူများအတွက် မုန့်လုံးချိုများနှင့် ဧည့်ခံကျွေးမွေးပြီး ရွာလည်လမ်းဆုံလမ်းခွတွင် စတိတ်စင်ဖြင့် ဖျော်ဖြေရေးအစီအစဉ်ထားရှိကြောင်းလည်း သူကဆိုသည်။

(လေး)

အမျိုးအဆွေရွာလည်ပွဲသည် ပျော်ရွှင်စေလိုသော သဘောမျိုးဖြင့် ဝတ်စားဆင်ယင်ထုံးဖွဲ့ကာ တဦးကိုတဦး အပြန်အလှန်သတင်းမေးကြသော ဓလေ့ရိုးရာတခုဖြစ်သ်ာလည်း ‘ကလက်လွန်းသောပွဲ’ သို့မဟုတ် ‘သရုပ်ပျက်အပျော်ကြူးလွန်းသောပွဲ’မျိုးမဟုတ်ချေ။ သောက်စားမူးယစ် ရမ်းကားခြင်းမျိုးမရှိကြောင်းလည်း အစဉ်အဆက်မရှိခဲ့သောပွဲတော်တခုပင် ဖြစ်သည်။ အစဉ်အလာတခုအရ ဆင်နွှဲပျော်ရွှင်ကြသော ပွဲတော်တခုမျှ သာဖြစ်သည်။ ကုန်ဘောင်ရွာသည် အမျိုးအဆွေရွာလည်ပွဲပြုလုပ်သော နေ့ရက်များတွင် အနီးအနားရပ်ရွာများကိုလည်း ဖိတ်ကြားလေ့ရှိသည်။

အမျိုးအဆွေရွာလည်ပွဲတွင် ယောက်ျားလေး များက မိန်းကလေးသဏ္ဌာန်၊ မိန်းကလေးများက ယောက်ျားလေးသဏ္ဌာန်၊ သက်ကြီးရွယ်အိုများက အပျိုလူပျိုသဏ္ဌာန်၊ လူငယ်လူရွယ်များက သက်ကြီး ရွယ်အိုသဏ္ဌာန် ဝတ်စားဆင်ယင်ကြကာ တခြားသော ရယ်ရွှင်ဖွယ်သဏ္ဌာန် ဆင်ယင်ထုံးဖွဲ့မှုများစွာ ပါဝင် သည်။ ကုန်းဘောင်ရွာတောင်ပိုင်းမှ မြောက်ပိုင်းသို့ အမျိုးအဆွေရွာလည်လာလျှင် ကလေးလူကြီးမရွေး ရွာလုံးကျွတ်လာကြရသည်။ ထို့အတူ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ရွာလည်သွားသည့်နေ့တွင်လည်း ရွာလုံး ကျွတ်သွားရောက်ကြရသည်။

လက်ရှိအချိန်တွင် တိုးတက်လာသောခေတ်ကာလအရ စတိတ်စင်များကို စီစဉ်ထားပေးပြီး ရွာလည်လာသောသူများက ကြိုက်နှစ်သက်ရာနှင့် သီဆိုဖျော်ဖြေဧည့်ခံကြရသည်။ ရွာခံ များက ဆုငွေနှင့်လက်ဆောင်များကို ချီးမြှင့်ကြရသည်။ ရရှိလာသော ငွေကြေးများကို စုပေါင်းကာ နောက်နောင်နှစ်များတွင် ရိုးရာပွဲဆက်လက်လုပ်ဆောင်နိုင်ရေးနှင့် ကောင်းမှုကုသိုလ်ကိစ္စရပ်များတွင် အသုံးပြုလေ့ရှိကြသည်။ ထို့အပြင် တအိမ်ဝင်တအိမ်ထွက် သတင်းမေးကြကာ မေတ္တာခံယူကြခြင်းနှင့် အပြန်အလှန်ဆုတောင်းပေးခြင်းများလည်း ပြုလုပ်ကြသည်။ ယခုနှစ် အမျိုးအဆွေရွာလည်ပွဲတော်ကို နေ့လယ် ၁၂ နာရီလောက်မှစတင်ကာ ညနေ ၅ နာရီခန့်အထိ ကျင်းပခဲ့သည်။

(ငါး)

မဆွေဆွေဝင်းသည် ခြံစည်းရိုးတိုင်ငယ်ကလေးများကိုကိုင်ရင်း ရွာတောင်ပိုင်းမှ အမျိုးအဆွေရွာလည် လာကြသောသူများကို ငေးနေ၏။ သူ့စိတ်ထဲတွင် သည်နှစ် ဆင်ယင်ထုံးဖွဲ့မှုများကိုကြည့်ကာ တလှိုက် လှိုက်ရယ်မောချင်စိတ်များလည်း ပေါက်နေလေ၏။ ထိုအထဲတွင် သူ့သူငယ်ချင်းဖြစ်သူ ကိုဇော်လင်းကို ကိုကြည့်ရင်း သူက ပိုမိုရယ်ချင်စိတ်ဖြစ်နေမိ၏။ ပြောသာပြောရသည် မဆွေဆွေဝင်း ကိုယ်တိုင်သည်လည်း နောက်တနေ့တွင် တောင်ပိုင်းသို့ အမျိုးအဆွေ ရွာလည်ပွဲ ပြန်လည်သွားရမည်ဖြစ်ရာ ထူးထူးကဲကဲ ရယ်ရွှင်ဖွယ် ဝတ်စားဆင်ယင်သွားရဦးမည် ဖြစ်သည်။ ထိုအခါတွင်လည်း သူ့သူငယ်ချင်း ကိုဇော်လင်း အပါအဝင် တခြား သူများအတွက် ရယ်ရွှင်ဖွယ်တခု ဖြစ်ချင်ဖြစ်နေလိမ့်ဦးမည်။ သို့သော် ရယ်ရွှင်ဖွယ်ဖြစ်ရသောအကြောင်း အရင်းသည် ရှက်စရာကိစ္စတခုမဟုတ်ဟု သူက ခံယူသည်။

သူတပါးကို ကြည်နူးပျော်ရွှင်စေခြင်းသည် ကုသိုလ်ကောင်းမှုတခုကို ပြုလုပ်ရခြင်းပင်ဖြစ်ကြောင်း မဆွေဆွေဝင်းက ယုံကြည်သည်။ ထို့အတူ ယခုကဲ့သို့ ချစ်စရာဓလေ့ရိုးရာတခုကို အစဉ်အဆက်မပြတ် ထိန်းသိမ်းသယ်ဆောင်သွားရန် လိုအပ်နေကြောင်းနှင့် ပိုမိုလူသိများ တွင်ကျယ်လာသော ရခိုင့်ဓလေ့ရိုးရာတခု ဖြစ်လာရန် လိုအပ်နေသေးကြောင်းတွေးမိ၏။ ထို့အတွက် နိုင်ငံတော်တာဝန်ရှိသူများကိုယ်တိုင်ကလည်း ဝိုင်းဝန်းပေးကြရန် လိုအပ်နေသေးကြောင်း မဆွေဆွေဝင်းတယောက် တွေးနေမိလေသည်။

ရက္ခ

News Watch

“မဟာ ခေတ်သစ်မီဒီယာ” “Maharmedianews” သည် “News Watch” သတင်းဌာန၏ သတင်းများကို ဖော်ပြရန် တရားဝင် ခွင့်ပြုချက် ရရှိထားပြီးဖြစ်ပါသည်။

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!