ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ်အဖြစ် မန္တလေးတွင် လမ်းသစ်ဖွင့်ပွဲ ပြုလုပ်

မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ ၇၃ လမ်းနှင့်​ ၇၈ လမ်းကြားရှိ နိုင်​လွန်​ကတ္တရာခင်း ၃၈ လမ်း​ဖွင့်​ပွဲကို နိုင်​ငံ​တော်​၏တိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်းစုကြည်​၏ (၇၄)နှစ်​ပြည့်မွေး​နေ့ အထိမ်းအမှတ်​အဖြစ်​ ယ​နေ့ ဇွန် ၁၉ ရက် နံနက် ၇ နာရီတွင် ဖွင့်​လှစ်​သည်။

Loading...

အဆိုပါလမ်းကို အောင်ဆန်းစုကြည်လမ်းဟုခေါ်တွင်ရန်စီစဉ်ထားခဲ့သော်လည်း ကန့်ကွက်မှုအချို့ကြောင့် အဆိုပါအစီအစဉ်ကို လတ်တလောဆိုင်းငံ့ထားပြီး မွေးနေ့အထိမ်းအမှတ်အဖြစ်သာ ဖွင့်ပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ဒီလမ်းကတော့နော် သမိုင်းမှာမှတ်ကျောက်တခုအနေနဲ့ ထားခဲ့တဲ့လမ်းပါ။ နာမည်ကတော့ ရင်ထဲမှာ ပေးပြီးသားပါ။ ဘယ်လိုခေါ်ရမလဲဆိုတော့ ရင်ထဲမှာရှိတဲ့အတိုင်းပေါ့”ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

Loading...

အသစ်ဖွင့်လှစ်သည့် ၃၈ လမ်းမှာ နိုင်လွန်ကတ္တရာလမ်းအမျိုးအစားဖြစ်ပြီး နိုင်ငံတကာအဆင့်မီလမ်းများအတိုင်း ကပ်တုံးများ၊ လမ်းသင်္ကေတပြအမှတ်အသားများ၊ Precast မြောင်းကူးတံတားနှင့် Precast မြောင်းများကိုထည့်သွင်းတည်ဆောက်ထားခြင်းဖြစ်ရာ ၆ ပေအကျယ်ရှိသည့် လူသွားလမ်းကို ကျုံးအရှေ့ဘက်ရှိ ပလက်ဖောင်းပုံစံအတိုင်းအလှပဆုံးဖော်ဆောင်ထားသည်။

လမ်းမှာ အကျယ်အားဖြင့် ပေ ၆၀နှင့် အရှည်အားဖြင့် ပေ ၂၉၀၀ ရှည်လျားကာ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ၁ လပိုင်းမှစတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လမ်းဖောက်လုပ်ရာ၌ လိုအပ်သည့်မြေအကျယ်အဝန်းကိုရရှိစေရန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကတပ်ပိုင်မြေမှပြန်လည်ကူညီစွန့်လွှတ်ပေးခြင်းဖြစ်သည်။

အဆိုပါလမ်းတလျောက် ညပိုင်းသွားလာသူများ အန္တရာယ်ကင်းရှင်းစေရန် လမ်းမီးတိုင် ၆၀ ခု စိုက်ထူထားပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အမှိုက်ပုံးများကိုလည်း ချထားပေးသည်။

လမ်းဖွင့်လှစ်ပြီးပါက ၇၈ လမ်း ပေါ်ရှိ ၃၈ လမ်းဆုံ၊ ၃၆လမ်းဆုံနှင့် ၃၇လမ်းဆုံတို့အပြင် ၇၈လမ်းမှ ၇၃လမ်းကြားရှိ ၃၆လမ်း၊ ၃၇လမ်း၊ ၃၅လမ်းတို့ တွင် နေ့စဉ်ဖြစ်ပွားနေသောယာဉ်ကြောပိတ်ဆို့မှုများ သိသာစွာလျော့နည်းသွားစေမည်ဖြစ်သည်။

စိုင်းထူးခန့်

News Watch

error: Content is protected !!