မွန်ပြည်နယ်တွင် ဘီးလင်းမြစ်ရေ တက်၍ ကယ်ဆယ်ရေစခန်း (၅) ခု ဖွင့်လှစ်ထား

မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေတက်မှုကြောင့် ကယ်ဆယ်ရေးစခန်း ၅ ခုထိ တိုးချဲ့ ဖွင့်လှစ်ထားပြီး ကယ်ဆယ်ရေးပစ္စည်းများကို အဆင့်သင့်ဆောင်ရွက်ပေးထားကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

အဆိုပါစခန်းတွင် ရေဘေးရှောင်ဦးရေ ၇၄၃ ဦးထိ ပြောင်းရွှေ့ နေထိုင်လျက်ရှိသည့်အပြင် စက်တပ် လှေ ၁၀ စီး ထားရှိကြောင်း၊အရေးပေါ်ဖြစ်လာပါက အခြားမြို့ နယ်ရှိ စက်တပ်လှေများကို ချိတ်ဆက် နိုင်ရန် ဆောင်ရွက်ပေးထားကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

”ဘီးလင်းမြစ်ရေတက်လာကတည်းက မြစ်အထက်ပိုင်းက ကျေးရွာအုပ်စု (၁၀) စုကို ရိက္ခာတွေ ပေးပို့ ပြီးပြီ။အခု မြစ်ရေအခြေအနေကို စောင့်ကြည့်နေပါတယ်။ဘီးလင်းမြို့ပေါ်က ရေဘေးရှောင်စခန်း ၅ ခုကို တစ်ပတ်စာ ရိက္ခာတွေ ထောက်ပံ့ထားတယ်၊အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေလည်း ပို့ထား ပါတယ်” ဟု ၎င်းက ဆိုသည်။

ဘီးလင်းမြစ်ရေ စိုးရိမ်အမှတ်မှာ ၁၀၂၂ စင်တီမီတာ ရှိကာ ဇူလိုင်လ ၉ ရက်တွင် ၉၇၇ စင်တီမီတာ ထိရောက်ရှိနေသဖြင့် အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၁၀၄ ဦးကို ကယ်ဆယ်ရေး စခန်း လေးခု ဖွင့်လှစ် ထားရှိခဲ့ကြောင်း၊ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် စိုးရိမ်အမှတ်မှာ ၉၆၃ စင်တီမီတာရှိပြီး ရေဘေးစခန်း ငါးခုအထိ ဖွင့်လှစ်ခဲ့ကာ အိမ်ထောင်စု ၁၇၆ စုမှ လူဦးရေ ၇၄၃ ဦးထိ ရှိလာကြောင်း ဘီးလင်းမြို့နယ် ရေဘေးကယ်ဆယ်ရေးကွပ်ကဲရေးရုံးက ထုတ်ပြန်ထားသည်။

ကယ်ဆယ်ရေးစခန်း ငါးခုကို ဘီးလင်းမြို့ပေါ်ရှိ ဓမ္မ၀ိဟာရဘုန်းကြီးကျောင်း၊မြို့နယ်တစညရုံး၊မြို့ဦး ဘုန်းကြီးကျောင်းနှင့်အောင်သိဒ္ဓိဘုန်းကြီးကျောင်း၊ဘီးလင်း အထကကျောင်းတို့တွင် ဖွင့်လှစ်ထား သည်။

လက်ရှိတွင် ဘီးလင်းမြစ်ဘေးရှိ ခဲမောက်(မူလွန်)ကျောင်း၊ဒုံသမိမြစ်ဘေးရှိ ကမ်းနား (အမက) ကျောင်း၊ရွှေလှေ(အမက )ကျောင်း၊ပျဉ်းမပင်ဆိပ် (အထက ခွဲ) ကျောင်းတို့ကို ပိတ်ထားကြောင်း အဆိုပါရုံးက ဇူလိုင် ၁၀ ရက်က ထုတ်ပြန်ထားသည်။

နှစ်စဉ်ရေကြီးမှု ဖြစ်ပေါ်နေသော်လည်း ဘီးလင်းမြစ်ရေ ရုတ်တရက် မြင့်တက်လာမည်ကို ဒေသခံ ပြည်သူများမှ စိုးရိမ်လျက်ရှိကြောင်း ဘီးလင်းမြို့ပေါ်ရပ်ကွက်မှ ဒေသခံ မဇင်မာထွန်းက ပြောကြား သည်။

”အမတို့ ရပ်ကွက်က ရေ မရောက်သေးဘူး။ကန်သာယာရပ်ကွက်နဲ့ဘိုးရာဇာရပ်ကွက်တွေမှာ ရေ၀င် နေပြီ ။မနှစ်ကတော့ အမတို့ နေတဲ့အိမ်ထိ မြုပ်တယ်။မိုးရာသီဆိုရင်တော့ လူတိုင်းက ရေကြီးမှာ ကြောက်နေကြပြီလေ” ၎င်းက ဆိုသည်။

ဘီးလင်းမြစ်သည် နှစ်စဉ် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်လေ့ရှိသော်လည်း ယခုနှစ်တွင် ကြိုတင်ပြင်ဆင်ချိန် ရရှိသဖြင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများဖြစ်သော အသက်ကယ်အင်္ကျီ၊စက်တပ်လှေများ၊ အရေးပေါ်သုံး လှေငယ်၊ရေလုံအိတ်များနှင့်ဆေးဝါးများကိုလည်း အသင့်ပြင်ဆင်ထားကြောင်း ဘီးလင်းမြို့နယ် Rescue အဖွဲ့ ဥက္ကဌ ကိုစန်းနိုင်က ပြောကြားသည်။

ဘီးလင်းမြစ်ရေသည် မြို့၏ စိုးရိမ်ရေမှတ်အောက် ၂ ပေခန့်တွင် ရောက်ရှိနေပြီး နောက် တစ်ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်းနှင့်ဘီးလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။

“စိုးရိမ်ရေမှတ်ကို ရောက်နိုင်တယ်လို့တော့ ခန့်မှန်းထားတယ်။ မိုးရွာတာ ဆက်တိုက်ဖြစ်နေမယ်။ အချိန်တိုတိုနဲ့ မိုးသားများများရွာရင်တော့ စိုးရိမ်ရတယ်။ ပုံမှန်မဟုတ်တဲ့ ရွာသွန်းပုံနဲ့ဆို ပိုစိုးရိမ်ရ တယ်။ဇူလိုင် ၁၆ ၊၁၇ လောက်မှာ ရေကြီးလာနိုင်တယ်”ဟု မွန်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြစ်ရေ မြင့်တက်လာပါက ပြည်သူများ ထိခိုက်မှု နည်းပါးစေရန် ဘီးလင်းမြို့နယ် တစ်ခုလုံးကို လှည့်လည်ကာ သတိပေးခြင်းများ လုပ်ဆောင်နေကြောင်း၊မြစ်အနီးရှိ စာသင်ကျောင်းများကို ပိတ်ထားသော်လည်း ရန်ကုန်-မော်လမြိုင်လမ်းမကြီး ဘီးလင်းလမ်းပိုင်းကို အဆင်ပြေစွာ သွား လာ နိုင်သေးကြောင်း ဘီးလင်းမြို့နယ်၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ပြော သည်။

ဘီးလင်းမြစ်ရေကြီးမှုသည် နှစ်စဉ် ကြုံတွေ့ရသော်လည်း ၂၀၁၈ ခုနှစ်၊ဇွန်လတွင် စိုးရိမ်အမှတ်ထက် ကျော်လွန်ခဲ့သောကြောင့် အဝေးပြေးလမ်းနှင့်ရထားလမ်းများ ရက်တော်တော်ကြာ ယာယီပတ်ထားခဲ့ ရပြီးအဆိုပါဖြစ်စဉ်ကြောင့် လူ သုံးဦး သေဆုံးခဲ့ကာ ရေဘေးကယ်ဆယ်ရေးစခန်း ၄၃ ခုထိ ဖွင့်ခဲ့ရပြီး လူဦးရေ ၁၂၈၉၆ ထိ ရေဘေးသင့်ခဲ့သည်။

ထိုက်ထိုက်(News Watch)

error: Content is protected !!