ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံတန် ပဲခူး – ဟံသာဝတီလေဆိပ်ကြီးကို ဂျပန်နှင့်ပူးပေါင်းတည်ဆောက်တော့မည်

ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆောက်လုပ်ရေးအတွက် ဂျပန်နှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆောက်လုပ်ရေးအတွက် စီမံကိန်းအစီအစဉ်အသေးစိတ်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရနှင့် မြန်မာအစိုးရ တာဝန်ရှိသူများအကြား တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း၊ စီမံကိန်းကြီးအတွက် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံခန့် ကုန်ကျခံ၍ဆောက်လုပ်သွားရန် လျာထားကြောင်း သိရသည်။

စီမံကိန်းဧရိယာအကျယ်အ၀န်းမှာ ၃၆၀၀ ဟက်တာရှိပြီး အမြန် ရထားလမ်းကွန်ရက်နှင့်ချိတ်ဆက်နိုင်ရန် ကနဦးဒီဇိုင်းကို အဆင်မြှင့်ထားကြောင်း၊ စီမံကိန်း၏ပထမအဆင့်တွင် အမြန်လမ်းနှင့်ချိတ်ဆက်မည်ဖြစ်ပြီး အမြန်ရထားလမ်းကွန်ရက်နှင့်ချိတ်ဆက်ခြင်းကို ဒုတိယအဆင့်အဖြစ် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်စီမံကိန်းအတွက် အစိုးရ၏အားပေးထောက်ပံ့မှုကို ရရှိထားကြောင်း၊ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန်အတွက် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးအောင်ရဲထွန်းနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်တို့က ပြောသည်။

“ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဂျပန်အစိုးရ ချေးငွေနဲ့ အကောင်အထည်ဖော်ဖို့အတွက် နှစ်ဘက် ညှိနှိုင်းနေပါတယ်။ ညှိနှိုင်းမှုတွေပြီးသွားရင် မြေတိုင်ထွားစမ်းသပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တင်ဒါခေါ်ယူရွေးချယ်ခြင်းအဆင့် ပြီးစီးသွားရင် ၂၀၂၀ ခုနှစ်အစောပိုင်းလောက်မှာ သဘောတူစာချုပ်လက်မှတ်ထိုးပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေကို ချက်ချင်းစတင်နိုင်မှာပါ”ဟု ဦးအောင်ရဲထွန်းက ပြောသည်။

ဂျပန် နာရီတာ အပြည်ပြည်ဆိုင်ရာလေဆိပ်ကော်ပိုရေးရှင်းကလည်း တင်ဒါလျှောက်တင်သွားဖွယ်ရှိကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၂၀၂၀ ခုနှစ်တွင် ထပ်မံတိုးချဲ့နိုင်စွမ်းမရှိနိုင်တော့သဖြင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အနာဂတ်လိုအပ်ချက်အတွက် အရေးပါသည့်စီမံကိန်းဖြစ်သည်။

လက်ရှိအချိန်တွင် လေယာဉ်ပျံ ၇၀၀ စီးခန့် ပဲခူးမြို့ပေါ်မှုဖြတ်၍ နေ့စဉ်ပျံသန်းလျက်ရှိကြောင်း၊ ပဲခူးတွင် လေဆိပ်တခုဆောက်လုပ်ခြင်းကြောင့် နိုင်ငံတော်အတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ရန်ကုန်-ပဲခူး လမ်းပန်းဆက်သွယ်ရေးတွင်လည်း တိုးတက်မှုများရှိလာမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးညွှန့်ရွှေက ပြောသည်။

ဝီရ(News Watch)

Ref;airport technology

error: Content is protected !!