ရဲတပ်ဖွဲ့ နှင့် စည်ပင် ပေါင်းပြီး ကျုးကျော်အိမ် (၂၉၀) ကို ရှင်းလင်းရာမှ ပဋိပက္ခဖြစ်

လမ်းဖောက်လုပ်ရန်အတွက် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ လမ်း ၇၀နှင့် ၇၃လမ်းကြားရှိ ကျူးကျော်နေအိမ် ၂၉၀ ကျော်ကို ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာ ပူးပေါင်းကာ ယနေ့ (ဇူလိုင်လ ၁၁) မနက်ပိုင်းက ရှင်းလင်းခဲ့သည်။

အဆိုပါရှင်းလင်းမှုကို မကျေနပ်သည့်အတွက် ကျူးကျော်နေထိုင်သူများက ခဲများဖြင့်ပစ်ပေါက်ရာ ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့်၊ စည်ပင်သာယာဝန်ထမ်း ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်ဟု အဆိုပါ ကျူးရှင်းလင်းရေးအဖွဲ့တွင် ပါဝင်သူ စည်ပင်သာယာဝန်ထမ်းကဆိုသည်။

Loading...

ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာနေရာသို့ မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာဘိဝံသမှ ကြွရောက်လာ၍ နှစ်ဖက်ညှိနှိုင်းပေးကာ မည်သည့်အမိန့်ဖြင့် ဆောင်ရွက်ကြောင်း မေးမြန်းပြီး ရှင်းလင်းရေးကို ခေတ္တရပ်နားပေးစေရန် တောင်းဆိုခဲ့သည်။

အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် စည်ပင်သာယာရေး ကော်မတီအဖွဲ့မှ ဦးကျော်ဇောအောင်က “တိုင်းဒေသကြီး အစိုးရအမိန့်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်၊ ဥပဒေနဲ့အညီ ဆောင်ရွက်ကြောင်း ဆရာတော်ကို လျှောက်ထားပါတယ်” ဟု ဆိုသည်။

ကျူးကျော်နေထိုင်သူများကလည်း ၎င်းတို့သည် ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်လာသည့် တောင်သူများဖြစ်ကြပြီး ၎င်းတို့အခွန်ထမ်းဆောင်ထားသည့် စာရွက်စာတမ်းများပြသကာ ဆရာတော်ကို လျှောက်ထားကြသည်။

Loading...

ဆရာတော်က အဆိုပါကိစ္စအတွက် ဝန်ကြီးချုပ်ထံသွားရောက် မေးမြန်းခဲ့ပြီး ကျောင်းကို ပြန်ကြွသွားပြီဖြစ်သည်။

“စည်ပင်သာယာက ညွှန်ကြားရေးမှူးတွေက ဒီနေရာကိုဖျက်ခိုင်းတယ်၊ သူတို့ကို ကျွန်တော်တို့က ရှင်းပြတယ်၊ ဒိုင်းနဲ့တွန်းထုတ်တဲ့အချိန်မှာ ခဲနဲ့ပေါက်တဲ့အတွက် တာဝန်ဝတ္တရားဆောင်ရွက်နေတဲ့ ရဲတွေကို နှောက်ယှက်တဲ့အတွက် ပုဒ်မ ၃၃၃ နဲ့အမှုဖွင့် ဖမ်းဆီးထားပါတယ်” ဟုအမှတ် ၁၁ ရဲစခန်း စခန်းမှူးဇော်နိုင်ကပြောသည်။

ယနေ့မနက်ပိုင်းက ရုန်းရင်းဆန်ခတ်မှုတွင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဝတ္တရားနှောက်ယှက်မှုနှင့် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။

ကျူးရှင်းလင်းရေးအဖွဲ့များမှာ ကျူးကျော်အဆောက်အအုံများကို ဆက်လက်ရှင်းလင်းနေပြီး ကျူးကျော်များကလည်း ဆက်လက်နှောက်ယှက်ခြင်း မရှိတော့ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

Myanmar Now

error: Content is protected !!