” ရှမ်းပြည်နယ် နမ့်ဆန်တိုက်ပွဲ ဆက်လက်ပြင်းထန် ၊ တပ်မတော်ဘက်မှ ရဟပ်ယဉ်(၃) စီးဖြင့်တိုက်ခိုက်”

မိုင်းအနိုင်၊ရွှေဖီမြေ

စက်တင်ဘာ ၁၃၊ နမ့်ဆန်

နမ့်ဆန်မြို့ တောင်ရိုးဘုရားပေါ် မနက်ပိုင်း ၆နာရီခွဲကျော်မှာ တပ်မတော်နဲ့ TNLAတို့ စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဟာ ယခု ညနေပိုင်း ၃နာရီကျော်အထိ တိုက်ပွဲ ရပ်တန့်သွားခြင်းမရှိဘဲ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်မှ ရဟပ်ယဉ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အမည်မဖော်လိုတဲ့ နမ့်ဆန်မြို့ပေါ် ဒေသခံတစ်ဦးက “မနက်ကတည်းက နေ့လည်တုန်းက ခဏပဲ ရပ်ပြီး ပြန်ဖြစ်ကြတာ။ ဒီနေ့လည်ပိုင်းအကျော်မှာ လေယဉ်န ၄စီးလာမသိဘူး။ လာပစ်တာ မြင်နေရတယ်။ မီးတောက်တွေရော။ မြို့ထဲမှာဆို ခုခြောက်ကပ်ကုန်ပြီ။ ခုပြောနေရင်းတောင် စစ်တပ်ကုန်းဘက်က လက်နက်ကြီးတွေနဲ့ ပစ်နေတာ ၃လုံးရှိပြီ”လို့ ပြောပါတယ်။

တောင်ရိုးဘုရားပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နမ့်ဆန်မြို့ ပြည်သူ့ဆေးရုံအထက်မှ တပ်မတော်သည် လက်နက်ကြီးများကို အလုံး ၃၀ကျော်အထိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဟိုချောင်းကျေးရွာသားတစ်ဦးဖြစ်သူ ကိုမိုးဟိန်းက “အဓိကကတော့ မနက်ကဖြစ်တဲ့ တောင်ရိုးတစ်လျှောက်မှာပဲ ဖြစ်နေကြတာ။ လေယဉ်က ၃စီးလာပစ်သွားတယ်။ ၂နာရီ ၄၂မိနစ်လောက်မှာ။ ၂စီးကတော့ အောက်ကနေ အများကြီးပစ်တယ်။ ကျန်တစ်စီးကတော့ အပေါ်မှာ အမြင့်ပျံပြီးတော့ ပစ်နေတာ။ အခုတော့ ပြန်သွားပြီ”လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် အနီးနားရှိ ဟိုချောင်းကျေးရွာသားများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ လျက်ရှိနေကြောင်း သိရသည်။

လက်ရှိ သတင်းရေးသားနေချိန်အထိ တိုက်ပွဲသည် ငြိမ်သက်သွားခြင်းမရှိဘဲ ဆက်လက်ပစ်ခတ်နေကြ ဆဲဖြစ်ကြောင်း သိရသည်။

#တိုက်ပွဲ #နမ့်ဆန်

ဓာတ်ပုံ – CJ

error: Content is protected !!