ခရစ်ယာန် ၁၀၀ ရာခိုင်နှုန်းနေတဲ့ ကယန်းဒေသက ကတ်သလစ် ခရစ်ယာန်များ၏ လေးစားဖွယ်ရာစိတ်ဓာတ်

ကယန်းဒေသက ကတ်သလစ်ခရစ်ယာန်များ၏ လေးစားဖွယ်ရာစိတ်ဓာတ်လေးများက ဤသို့👇

ခရစ်ယာန် ၁၀၀ ရာခိုင်နှုန်းနေတဲ့ ကယန်းဒေသမှာ ဗုဒ္ဓဘာသာဝင်ဆိုလို့ ဒေသကိုတာဝန်ကျတဲ့ ကျောင်းဆရာ ၊ ဆရာမ ၊ ရဲ ၊ ဆရာဝန် စတဲ့ ဝန်ထမ်းတွေသာ ရှိပါတယ် ။

ဝန်ထမ်းအနည်းငယ် ကိုးကွယ်ဖို့ ဘုန်းကြီးကျောင်းလေး တစ်ကျောင်းတစ်လေ ရှိတယ်..။ ဒီဘုန်းကြီးကျောင်းတွေကို ဆွမ်းကပ်ရတာ ၊ လှူရ တန်းရတာ နယ်ခံ ခရစ်ယာန်တွေက အများဆုံး လုပ်ပေးရရှာတယ် ။

ရယ်ရတယ်သိလား ။ ခရစ်ယာန်တွေဖြစ်ပေမယ့် အိမ်တက်ပရိတ်တရားနာတာတွေ ၊ စက်ပစ္စည်းတွေဝယ်တာတွေ ၊ ခြံမြေဝယ်တဲ့အခါ မေတ္တာသုတ် ရွတ်ဖတ်ရတာတွေကို ဗုဒ္ဓဘာသာ ဘုန်းကြီးကိုပင့်ကြတယ်။ ခရစ်ယာန်ဘုန်းကြီးကိုလည်း ပင့်ကြတယ်။

ကျွန်တော်မေးကြည့်တယ် ။ ခင်ဗျားတို့က ခရစ်ယာန်ဖြစ်တာကို ဘာလို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကို ပင့်ကြတာလဲဆိုတော့ ‘သူတို့ကိုလည်း အလှူငွေ ပေးချင်လို့ပါ..’တဲ့..။

တစ်ခါက ကယန်းတောင်တန်း သာသနာပြုဆရာတော် စေတီတည်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကယန်းခေါင်းဆောင်တစ်ဦးနဲ့ ဆရာတော် စကားများကြတယ်။(သူတို့နှစ်ယောက်လုံး ကျွန်တော့် အကောင့်ထဲမှာရှိတယ်) ဘယ်လိုများကြတာလဲဆိုတော့ ဆရာတော် တည်မယ့် စေတီကို ကယန်းခေါင်းဆောင်က သူ့စိတ်ကြိုက် တည်ချင်တာ..။သူက ခရစ်ယာန်ပေမယ့် ဘုရား ဒကာ လုပ်ချင်တာ..။

‘ဆရာတော် စေတီ ဘယ်နှစ်ဆူတည်ဖူးလို့လဲ.. တပည့်တော်က ကယန်းဒေသမှာ စေတီအများကြီး တည်ဖူးတယ်..’ဆိုပြီး စကားများကြသတဲ့..။အံ့ရော..

ကယန်းဒေသမှာ ကျောင်းထိုင်ကြတဲ့ ဆရာတော်တွေဆီကို ဒေသခံ ခရစ်ယာန်မိသားစုတွေက သူတို့ကလေးတွေကို ပို့ပြီး ဘုန်းကြီးကျောင်းသားလုပ်ခိုင်းရပါတယ်။ဆရာတော်ကလည်း ဒီကလေးတွေကို စောင့်ရှောက်ပြီး ကျောင်းထားရတယ်..။ တစ်ချို့ ဘွဲ့ရကုန်ပြီ။

အဲဒီလို ဘုန်းကြီးကျောင်းမှာသွားထားလို့ ဘယ်ခရစ်ယာန်ကလေးကမှ ဗုဒ္ဓဘာသာဝင်ဖြစ်မသွား။ ဘုန်းကြီးတွေကလည်း မင်းတို့ငါ့ဘာသာထဲဝင်ရမယ်လို့မဆွယ်ကြ။(မိမိတို့ဗုဒ္ဓဘာသာဆိုသူတွေကသာအခြားဘာသာဖြစ်ဖြစ်သွားကြတာပါ..ဒါကလဲမိမိဘာသာမိမိတို့ရင်ထဲမခိုင်မာကြလို့ပေါ့)

ကျွန်တော်က ဆရာတော်နားကပ်ပြီး နှစ်ကိုယ်ကြားမေးကြည့်တယ်.. ‘အရှင်ဘုရားကလည်း တောင်တန်းသာသနာပြုတယ်ဆိုပြီး သူတို့ ခရစ်ယာန်ကလေးတွေကလည်း ဗုဒ္ဓဘာသာထဲမဝင်ပါလား..’ဆိုတော့ ဆရာတော်က ပြန်ရှင်းပြတယ်..

‘သာသနာပြုတယ်ဆိုတာ ဘုရားအဆုံးအမကို စောင့်ရှောက်ထိန်းသိမ်းတာကွ.. ဘုရားက ငါ့ဘာသာထဲအတင်းဝင်ရမယ် မဟောခဲ့ဘူး.. ဒီကလေးတွေ ကုသိုလ်ကိုချစ်ပြီး အကုသိုလ်ကိုမုန်းရင် ငါကျေနပ်ပြီ.. ဒီကလေးတွေ အကောင်း အဆိုး အကြောင်း အကျိုး ခွဲခြားနိုင်ဖို့ ဗုဒ္ဓဘာသာထဲဝင်မှရယ် မဟုတ်ဘူး.. ပညာတတ်ဖို့အဓိကကွ. သူတို့ကို ပညာတတ်တွေဖြစ်အောင် ပညာသင်ပေးတာက သာသနာပြုတာပဲဟေ့.. သူ့ဟာသူ ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ်ပေါ့ကွာ..’

ကျေနပ်စွာ သာဓုခေါ်ခဲ့ပါတယ်..

‘သာဓု သာဓု သာဓု..’

အသက်ငယ်ငယ်နဲ့ ထူးချွန်ထက်မြတ်တဲ့ ကယန်းစစ်ဦးစီးချုပ်နဲ့ ကျွန်တော် စကားပြောဖြစ်တယ်.. ‘ဆရာ့ဒေသမှာ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေသာသနာလာပြုတာ ဆရာကြည်ဖြူရဲ့လား..’

ကျွန်တော့် အမေးကို ကယန်းစစ်ဦးစီးချုပ်က ပြန်ဖြေတယ်..။

‘ကျေနပ်ပါတယ် ညီလေး.. သူတို့ လိုသမျှ ငါအကုန်ထောက်ပံ့တယ်.. သူတို့ကို ငါ့ဒေသမှာ ပျော်အောင်ထားတယ်.. သူတို့မရှိရင် ငါ့ဒေသကိုတာဝန်ကျတဲ့အစိုးရဝန်ထမ်းတွေ ဥပုသ်စောင့်တာမလုပ်နိုင်ဘူး.. လပြည့် လကွယ် ကုသိုလ် မလုပ်နိုင်ဘူးလေ..ငါတို့တောင် တစ်ပတ်တစ်ခါ ဘုရားကျောင်း တက်သေးတာလေ..သူတို့လည်း ဘုန်းကြီးကျောင်းသွားချင်မှာပေါ့…’

ကျေနပ်စွာ သာဓု ခေါ်ခဲ့ပါတယ်..

သာဓု သာဓု သာဓု..။

ဘာသာတိုင်းမှာ အစွန်းရောက်တွေရှိတာပေါ့..။ မွတ်စလင် အစွန်းရောက် ခရစ်ယာန် အစွန်းရောက် ဟိန္ဒူ အစွန်းရောက် ဗုဒ္ဓဘာသာဝင်အစွန်းရောက်လဲရှိပါသဗျ ရသမျှမိမိအိတ်ကပ်ထဲထည့်သူတွေပေါ့

(ဗုဒ္ဓဘာသာအတွက်ဆိုပိး ဘာသာရေးအစွန်းရောက်တော့ မတွေ့မိသေးသလိုပဲဗျ😁……

အင်းလေ… ဘာသာမဲ့ အစွန်းရောက်တောင်ရှိသေးတယ်လေ..

ဘာသာ တစ်ခုနဲ့ တစ်ခု မတူကြပေမယ့် အစွန်းရောက်တွေမှာ အကုန်တူကြတဲ့အချက်ကတော့ ကိုယ့်ဘာသာကို ချစ်တာဗန်းပြပြီး သူများဘာသာကို ဖျက်စီးကြတာပါပဲ..။

ဘာသာအားလုံးရဲ့ တူညီသော လားရာက ငြိမ်းချမ်းရေးဖြစ်ပါစေဟုအသိတရားရှိသူတိုင်း မျော်လင့်ကြပါတယ်။

#Credit : U Yewin Naing Agri

gammassp.com, 1533530506, DIRECT, 31ac53fec2772a83 pubmatic.com, 158212, RESELLER, 5d62403b186f2ace
error: Content is protected !!