မြစ်ဆုံစီမံကိန်းနှင့် ပတ်သတ်ပြီး ပြည်သူများ အမြင်ကျယ်ကျယ် စဉ်းစားစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအရေး ပြည်သူလူထုအနေဖြင့် အမြင်ကျယ်ကျယ် စဉ်းစားစေလိုကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။မတ်လ ၁၄ရက်နေ့က ပဲခူတိုင်းဒေသကြီး ပြည်မြို့တွင် ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ အစိုး ရ ၏သဘောထားကို သိရှိလိုကြောင်း ဒေသခံ တဦးက မေးမြန်းစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ပြောကြားခဲ့သည်။ “မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ဘယ်လိုပဲကြီးကျယ်တဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်။ ကျွန်မတို့ပြည်သူလူထုကို အမြင်ကျယ်ကျယ်နဲ့ အဖက်ဖက်ကနေပြီးတော့ စဉ်းစားစေချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

မြစ်ဆုံစီမံကိန်းအပါအ၀င် စီမံကိန်းများကို စဉ်းစားဆုံးဖြတ်ရာတွင် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်း သိမ်းရေးစသည့် အချက် ၄ချက်ကို ကြည့်ကာ စဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ပြီး အချက်(၁)ချက်တည်းကို ကြည့်ကာ စဉ်းစား မည်ဆိုပါက မှားယွင်းနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“စီးပွားရေးနဲ့ နိုင်ငံရေးနဲ့ ဆက်စပ်နေတာဘာလဲဆိုရင် ကျွန်မတို့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက်၊ ကျွန်မ တို့ နိုင်ငံဟာ ကမ္ဘာ့ရဲ့ ယုံ ကြည်မှုရဖို့အတွက်ဆိုရင် ကျွန်မတို့ဟာ စကားတည်ဖို့လိုပါမယ်။အခုတမျိုး၊အခုတမျိုး ပြောလို့ မရပါဘူး။ တချို့စီမံကိန်း ကြီးတွေဟာ အရင်တုန်းကနေပြီးတော့ စတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျွန်မတို့ကနေပြီးတော့ ကျွန်မတို့ အစိုးရတက်ပြီ၊ ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး။ လုပ်ချင်ရာလုပ်မယ်လို့ ပြောလို့ရပါဘူး။ အဲဒီလို လုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အား ကိုးရတဲ့နိုင်ငံ မဟုတ်ဘူး။ အစိုးရတက်ရင် တမျိုး၊ ငါတို့ ဒီနိုင်ငံထဲ ဘာမှ မလုပ်တာဘဲကောင်းတယ်ဆိုတဲ့ စိတ်ဓါတ်တွေ ကမ္ဘာ ကြီးမှာ ဖြစ်သွားလို့ရှိရင် ကျွန်မတို့နိုင်ငံကို ထိခိုက်ပါတယ်” ဟု ၄င်းကပြောသည်။

ထို့အပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည့် နေရာတွင် သဘာဝပတ်ဝန်းကျင် မပြောင်းလဲရေးကို ဆိုလိုခြင်းမဟုတ် ဘဲ သဘာဝပတ်ဝန်းကျင်ကို မပျက်စီးရေးကို ဆိုလိုသည်ကို သတိပြုစေချင်ကြောင်းနှင့် မြစ်ဆုံကိစ္စ အစိုးရဘက်က ဆုံးဖြတ်ချက် တစ်ခုခု ချမှတ်ပါက ဆုံးဖြတ်ချက်ချခဲ့ရသည့် အကြောင်းရင်းကို ပြည်သူလူထုအား ရှင်းပြမည်ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။“ အစိုးရအနေနဲ့ တာဝန်သိသိနဲ့ လုပ်မှာပါ။ဆုံးဖြတ်ချက် ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်ဘာ ကြောင့်ဆိုတာကို ရှင်းပြမှာပါ” ဟု ၄င်းကပြောသည်။

မြစ်ဆုံစီမံကိန်းသည် ၇နှစ်ကြာ ရပ်ဆိုင်းထားသော စီမံကိန်းဖြစ်ပြီး ယင်းပြဿနာကို မဖြေရှင်းဘဲ အချိန်ကြာဆွဲထားမည်ဆိုပါက တရုတ်ကုမ္ပဏီများမြန်မာနိုင်ငံသို့ လာ ရောက်ရင်း နှီးမြုပ် နှံရန် ယုံကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက်စေ နိုင်ကြောင်း တရုတ်သံ အမတ် Mr. Hong Liang က ၂၀၁၈ ခုနှစ်ဒီဇင်ဘာလအတွင်း သွားရောက်ခဲ့သည့် ကချင်ပြည်နယ်ခရီးစဉ်အတွင်း ပြောကြား ခဲ့သည်။ ယင်းနောက်ပိုင်းတွင်မြစ် ဆုံကိစ္စမှာ တကျော့ပြန်လည်လာကာ ကန့်ကွက်မှုများ၊ ဝေဖန်မှုများ၊လုပ်သင့်၊ မလုပ်သင့် သုံး သပ်ချက်များ ပေါ်ထွက်လာခဲ့သည်။ အလားတူ NLD ပါတီ အာဏာရရှိပါက မြစ်ဆုံစာချုပ်ပါ အချက်အလက်များကို ပြည်သူကို ချပြမည် ဆိုသော ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားခဲ့မှုကိုထောက်ပြကာ မြစ်ဆုံစာချုပ်ကို လူထုအားချပြသင့်ကြောင်း ဝေဖန်မှု များရှိလာသည်။ NLD-CEC၏ သဘောထားများအရ မြစ်ဆုံကိစ္စ လူထုသဘောထားအတိုင်းဖြစ်ကြောင်း ထုတ်ဖော်ပြော ကြားထားသည်။

မြစ်ဆုံဆည်စီမံကိန်းနှင့်ပတ်သက်၍ ဆည်တည်ဆောက်မည်နေရာသည် ငလျင် ကြောရှိ နေသည့် အပြင်၊ မိုးရေခံရပ်ဝန်း အ ကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံ၏ ၂ ဆလောက် ရှိနေသည့်အတွက် ကျေးရွာအမြောက်အမြား ရွှေ့ပြောင်းရမည်ဖြစ်၍ ဆည်၏ အ ရွယ်အစားကို လျှော့ချ ခြင်း(သို့မဟုတ်) ဆည်တည်ဆောက်မည့် နေရာကိုရွှေ့ခြင်း (သို့မဟုတ်) တရုတ်ကုမ္ပဏီအား ယင်း စီမံကိန်းအစား အခြားစီမံကိန်းတခုဖြင့် အစားထိုးပေးခြင်းစသည့် နည်းလမ်းများဖြင့် အဖြေတခုရရှိရေး စဉ်းစားနေကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွက် မြန်မာနိုင်ငံ ရင်း နှီးမြုပ် နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီးဦးသောင်းထွန်းကပြောကြားထားသည်။ထိုပြောကြားချက်ကို ပညာရှင်အချို့က လက်ခံကြို ဆို ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်းသည် ပညာရှင်များနှင့် ပြည်သူလူထုများအကြားတွင် အငြင်းပွားမှုများ၊ကန့်ကွက်မှု များ ရှိခဲ့ခြင်းကြောင့် သမ္မတ ဦးသိန်းစိန်က ၎င်း၏အစိုးရလက်ထက်တွင် ယာယီရပ်ဆိုင်းကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက် နေ့တွင်ကြေညာခဲ့သည်။ လက်ရှိ NLD အစိုးရလက်ထက်တွင် မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၀ ဦးဖြင့် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင် ဖွဲ့စည်းပြီး နောက် ၃လ အ ကြာတွင် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ကော်မရှင်၏ လေ့လာစိစစ်သုံးသပ်မှု ပထမအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တင်ပြခဲ့ကြောင်း သိရသည်။

လင်းလင်းအောင်

error: Content is protected !!